ရေဦး ၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ဩဂုတ် ၈ ရက် နံနက် ၈ နာရီက မြင်းပေါက်ကျေးရွာ နန်းမတော်မယ်နုလက်ထက်က တူးဖော်တည်ဆောက်ခဲ့သည့် အမှိုက်မကျ သောက်သုံးရေကန်တော် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နှင့် ဇနီး၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းမြင့်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်းပါ၀င်ခဲ့ကြသည်။

ကျေးရွာအထိ လာရောက်၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးသူများကို မြင်းပေါက်ကျောင်းတိုက် ဆရာတော်နှင့် ကျေးရွာသားများမှ အဟာရဒါနအဖြစ် ဖျော်ရည်၊ သောက်ရေသန့်၊ အသုပ်စုံအပြင် နံနက်စာဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သန်းသန်း( ပြန်/ဆက် )