စဉ့်ကိုင်      ၂၈    မေ 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်    မြန်မာ့လက်မှုလုပ်ငန်းဖြစ်သော  ရိုးရာလက်ထွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် နန်းနီကျေးရွာမှ ဖောင်းအိုးတုတ်လုပ်ငန်းမှာ နွေရာသီတွင် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

 

ဖောင်းအိုးတုတ် တစ်လုံးပြုလုပ်မည်ဆိုလျှင်   မြေကြီးလေးတောင်းနှင့် သဲတစ်တောင်းကို ရောစပ်ကာ ရေလောင်းရပြီး  ရွံ့စေးဖြစ်စေရန် နင်းနယ်ပေးရသည်။ ရွံ့စေးဖြစ်သွားသည့်အခါ အိုးတစ်လုံးစာ ရွံ့လုံးကို ဝါးကပ်ပေါ်တင်၍  အိုးနုတ်ခမ်းပိုင်းကို  ဦးစွာထွင်းယူပြီး လက်ဖြင့်လှိုင်းတွန့်များ ပြုလုပ်ပေးကာ   မစိုမခြောက် အနေအထားတွင်   အိုးလက်ခတ်ဖြင့်   တဖြည်းဖြည်းခပ်ယူကြရသည်။

 

ဖောင်းအိုးတုတ်သည် ထုထည်ကြီးမားသည့်အတွက်  ပထမအဆင့်တွင် အိုးတုတ်အောက်ပိုင်းကို အပေါက် ဖောက်ကာ လိုအပ်သလို ပုံသွင်းယူရပြီး  အနည်းငယ် မာလာသည့်အချိန်တွင်   ဘေးဘက်မှ အပေါက်ဖောက်၍  အိုးအောက်ခြေပိုင်းကို ပိတ်ပေးရသည်။ လိုအပ်သည့် အရွယ်အစား ရရှိသည့်အခါ      ဖောက်ထားသည့် ဘေးပေါက်ကို    ပြန်လည်ပိတ်၍    အနုစိတ်ပြုလုပ်ကာ အိုးတုတ်ချောကို ရရှိအောင် ပြုလုပ်ရသည်။  အိုးတုတ်ချောကို (၄) ရက်ခန့် နေလှန်းအခြောက်ခံ၍  အိုးများခြောက်သွေ့ပါက   နွားချေးခြောက်၊ ကောက်ရိုး နှင့် ထင်းအပွစားများကို    အသုံးပြုကာ အချိန် (၂) နာရီခန့်    မီးဖုတ်ပြီး အိုးအနေအထားကို ကြည့်ကာ အိုးကျက်လျှင် ကုန်ချောအဖြစ် ရရှိကြောင်း သိရသည်။

 

ဖောင်းအိုးတုတ်ကို လူတစ်ဦးလျှင်နေ့စဉ်ပျမ်းမျှ (၁၀) လုံးခန့်ပြီးကြောင်း ဖောင်းအိုးတုတ်တစ်လုံးလျှင် ဖောက်သည်စျေးအနေဖြင့်   တစ်လုံးလျှင် ငွေကျပ် ၁၅၀ဝ ဖြင့်  ရောင်းချရပြီး   တစ်လုံးချင်း ဝယ်ယူမည် ဆိုပါကတစ်လုံးလျှင် ငွေကျပ် ၂၀၀ဝ မှ ၂၅၀ဝ ထိရောင်းချရကာ နွေရာသီတွင် ပိုမိုရောင်းချရပြီး မိုးရာသီနှင့် ဆောင်းရာသီတွင်  ပုံမှန်စျေးကွက်ရှိသဖြင့် နန်းနီကျေးရွာမှ ဖောင်းအိုးတုတ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်းကို ဖောင်းအိုးတုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းပို ထံကသိရသည်။

 

ဝင်းဝင်းသန်း (စဉ့်ကိုင် ပြန်/ဆက်)