နည်းစနစ်ဒါရိုက်တာတစ်ဦး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်လည်ခန့်အပ်မည်

၁၁ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်နှင့် လမ်းခွဲပြီးနောက် နည်းစနစ်ဒါရိုက်တာ အသစ်တစ်ဦး ပြန်လည်ခန့်အပ်သွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းစနစ်ဒါရိုက်တာ ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်နှင့် ပြီးခဲ့သည့်ရက်ပိုင်းက လမ်းခွဲခဲ့ပြီး အသစ်ပြန်လည်ခန့်အပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ် ဒါရိုက်တာ အဲရစ်အာဗရန်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလက ခန့်အပ်ခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း တစ်နှစ်ခွဲကျော်အကြာပင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

 

အဲရစ်အာဗရန်သည် ပြီးခဲ့သည့်လပိုင်းက ရာထူးမှနုတ်ထွက်လိုကြောင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် ညိနှိုင်းပြီးနောက် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၎င်းနေရာတွင် အစားထိုးရန် ပြည်တွင်း သို့မဟုတ် ပြည်ပ နည်းစနစ်ဒါရိုက်တာတစ်ဦး ခန့်အပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြီးဆုံးသွားပါက တာဝန်ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရွေးစင်အသင်းအားလုံးကို လေ့ကျင့်မှုရပ်နားထားပြီး ပြင်ဆင်မှုများကို ရောဂါအခြေအနေပြီးဆုံးမှသာ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဲရစ်အာဗရန်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ လက်ရှိနာမည်ကြီး ဘောလုံးသမားများကို မွေးထုတ်ပေးခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ မတိုင်မီက သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ