နေပြည်တော် ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်း တွင် ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာ စကားပြောကြားရာတွင် ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာသင်တန်း ကျောင်းကြီးများနှင့် လေ့ကျင့်ရေး အထောက်အကူပြု လက်ရုံးဝန်ထမ်းတပ်များ အခြေပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည့်အတွက် လေ့ကျင့် သင်ကြားရေးနှင့်ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ကျကျလေ့ကျင့် သင်ကြားပေးရန် လိုကြောင်း၊ ထိုသို့ စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် နည်းပြများအနေဖြင့် စေတနာထား၍ တတ်မြောက်သည်အထိ လေ့ကျင့် ပေးသွားရန်လိုကြောင်း၊မိမိသိသလို၊ တတ်မြောက်သလို၊ကျွမ်းကျင်သလို သင်တန်းသား များကိုလည်း တတ်သိကျွမ်းကျင်အောင်အိတ်သွန်ဖာမှောက် သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသား တပည့်များကို ဆရာဂုဏ်ပြည့်ဝစွာဖြင့် လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း။

ထို့အပြင် တပ်မြို့တွင် နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များအနေဖြင့် မိမိတို့တပ်၊ ကျောင်းများကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လည်း လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို မျက်ခြည်မပြတ် စောင့်ကြည့်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုကြောင်း၊ တပ်မတော်သားများ တာဝန်ကိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးရာ၊ မွမ်းမံလေ့ကျင့်ပေးရာ သင်တန်းကျောင်းကြီးများရှိရာ မြို့ဖြစ်၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအား ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။

NCA လက်မှတ်ရေးထိုးထား သည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAOအဖွဲ့ များအနေဖြင့် နိုင်ငံရေးဖြစ်စဉ် ကမောက်ကမဖြစ်မှုများကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် လူငယ်၊ လူရွယ်များ၊ DCS နိုင်ငံ့ဝန်ထမ်း အချို့တို့အား လူသားချင်းစာနာ ထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီး အချို့၏ ငွေကြေးထောက်ပံ့မှုများရယူကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များ တပ်ဆင်ပေးကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးမှု၊ တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင် ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပြီး အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းဆောင် ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထုများ နှင့်အတူတကွပူးပေါင်း၍ တရား ဥပဒေနှင့်အညီ တိုက်ပွဲဝင် စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်တို့ဖြင့် တိုက်ခိုက်ချေမှုန်း နှိမ်နင်းလျက်ရှိပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ထိုသို့အောင်မြင်မှုရရှိခြင်းသည် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ စွမ်းရည်များ ကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ တစ်ဦးချင်း၏ စွမ်းရည်များရရှိ လာအောင် လေ့ကျင့်ရေးသင်တန်း ကျောင်းကြီးများကပင် လေ့ကျင့် သင်ကြားပေးခြင်းဖြစ်၍ ရှေ့ဆက်၍လည်း နည်းပြများအနေဖြင့် သင်တန်းသားများကို ယခုထက်ပို၍ စနစ်တကျလေ့ကျင့်သင်ကြား ပေးသွားကြရန်လိုကြောင်း။

နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက် ၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မ ရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီနိုင်ငံ့အရေးအတွက် နိုင်ငံတော် တာဝန်များကို ခေတ္တထိန်းသိမ်း ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှ စတင်၍ ဦးတည်ချက် များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီး ဖြစ်ကြောင်း။

နိုင်ငံတော် တာဝန်များကို စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက် လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေ သည့်ကာလဖြစ်ပြီး သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင် စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရ ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ် အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါ မုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာဂီမုန်တိုင်းတိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် နှစ်ပေါင်း ၁၀၀ အတွင်း မကြုံဖူးသော ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြား စိန်ခေါ်မှုကြီးများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ ကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်း သိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင်အကြမ်းဖက်မှုများ တဖြည်းဖြည်းလျော့ပါး သွားခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ အနေဖြင့် ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင် ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း(၃)ပိုင်း ခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ် နိုင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျ မဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာ စောင့်ကြည့်သူများ၊ ပြည်တွင်း/ပြည်ပ မီဒီယာများ၏ ရှေ့မှောက်တွင် ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်း ကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်း မှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း။

ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီလာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်းအဝေး ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြှောက်၍ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများမည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိ သည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးနေသည့် နည်းပြများ အနေဖြင့်လည်း စွမ်းရည်ရှိသည့် တပ်မတော်သား များဖြစ်စေရေး မိမိတို့တတ်မြောက် ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများ ဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ် အတိုင်း တိတိကျကျ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း။

ဗထူးတပ်မြို့သည် လေ့ကျင့်ရေးကျောင်းကြီးများရှိသကဲ့သို့ ခြေလျင်/ခြေမြန် တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များလည်းရှိကြရာ တပ်ရင်း/တပ်ဖွဲ့နှင့် မိသားစုများ အတွက် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်ကိုလည်း နိစ္စ ဓူဝသမားစဉ် လုပ်ငန်းများနှင့်အတူ အောင်မြင်အောင်အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်မှာလည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့သို့ တပ်နယ်အတွင်းရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစု များကို တိုက်ပွဲဝင်စိတ်ဓာတ်များ၊ စစ်မှုအတတ်ပညာများ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့် ပေးနေရမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးနှင့် ပတ်သက်၍ စစ်ဆင်ရေး၊လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ဒေါက်တိုင် ၃ ရပ်ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကျောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက် လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကျောင်းသွားရန်လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစား ဆောင်ရွက်သွား ရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း။

မကြာမီ မတ်လတွင် ကျင်းပတော့မည့် Grade-12 စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် တပ်နယ်များမှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများအနေဖြင့် လိုအပ် သည်များကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ၏ သားသမီး များအား ပညာအမွေပေးနိုင်ရန်၊ တန်းစဉ်ကူးပြောင်းမှုတွင် အတန်းပညာပြီးဆုံးသည်အထိ ပါဝင်နိုင် ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများကို ပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။ အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ပေါင်းစည်းလယ်ယာ (ဗထူးစမ်း)သို့ သွားရောက်၍ ဥစားကြက် (Novogen Brown) မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူ ထားရှိမှု၊ DYL ဝက်မွေးမြူထားရှိမှုနှင့် ရာသီသီးနှံများ စိုက်ပျိုးထား ရှိမှုများကိုလည်းကောင်း၊ လယ် မြေသစ်များဖော်ထုတ်၍ ၎င်းလယ်မြေများတွင် နေကြာသီးညှပ် ရှစ်ဧက၊ ကုလားပဲ ရှစ်ဧက၊ ပဲပုပ် ၁၄ ဧကနှင့် အာလူး တစ်ဧကစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တပ်မတော် (ကြည်း) တိုက်ခိုက် ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က သိရှိ လိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်