၂၉ စက်တင်ဘာ
ပြည်တွင်းဈေးကွက်သို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပန်းများဝင်ရောက်နေခြင်းကြောင့် ပြည်တွင်းပန်းစိုက်ပျိုးသူ တောင်သူများထိခိုက်နစ်နာနေသည် ဟူသောသတင်းတို့ကို ဖတ်ရှုရပါသည်။ ဤကဲ့သို့ ထိခိုက်နစ်နာကြခြင်းမှာလည်း ပြည်တွင်းပန်းစိုက်ပျိုးသူ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် ပန်းတို့သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့်ပန်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသောကြောင့် ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသောပန်းတို့သည် ပြည်တွင်းပန်းတို့နှင့် နှိုင်းယှဉ်ပါက ဒီဇိုင်းပိုစုံ၍ အရောင်ပိုဆန်းခြင်းတို့သည် မြန်မာပန်းစိုက်တောင်သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိရခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်ပါသည်။ အဆိုပါ အခြေခံအကြောင်းရင်း၏ ပင်ကိုပကတိသဘောသည် နည်းပညာချို့တဲ့ခြင်း ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ တောင်သူတို့သည် လက်မနှင့် လက်ညှိုးအသာဖိရုံမျှဖြင့် အခွံလွှာအလွယ်တကူ ခွာယူဖယ်ရှားနိုင်သော စပျစ်သီးတို့ကိုစိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော စပျစ်သီးတို့သည် တရုတ်နိုင်ငံ၌ အိမ်ရှင်ဂုဏ်ဆောင် ဧည့်ခံသီးနှံများ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အထက်၌ တင်ပြထားသည့် ကိစ္စနှစ်ရပ်စလုံး၌ နည်းပညာသည်အခရာဖြစ်ပါသည်။ သို့သော် မည်သည့်ဈေးကွက်၌ မည်သို့သော သီးနှံမျိုးလိုအပ်သည်ဟူသော ဈေးကွက်လိုအပ်ချက်ကို ဦးစွာသိရှိရန် လိုအပ်ပါသည်။ အဆိုပါ ဈေးကွက်လိုအပ်ချက်ကို သိရှိမှသာ မည်သို့သော နည်းပညာကို အသုံးပြုမည်၊ ဤနည်းပညာရရှိရေးအတွက် မည်သို့မည်ပုံရယူမည်ဆိုသည်တို့ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားတို့အတွက် မည်သို့သောနည်းပညာတို့ကို မည်သို့မည်ပုံ ရယူရမည်ဆိုသည်မှာ အရေးကြီးဆုံးသောဆုံးဖြတ်ချက် ဖြစ်လာပါသည်။ အဆိုပါ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် မြန်မာတောင်သူလယ်သမားတို့၏ လိုအပ်ချက်များနှင့်ဈေးကွက် ပကတိအခြေအနေတို့ကို မှန်မှန်ကန်ကန် သိရှိနားလည်ရန်လိုအပ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာသုတေသနပြုလုပ်မှုတို့ကို ပစ္စုပ္ပန်အနေအထားထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ပါသည်။
မြန်မာ့တောင်သူလယ်သမားတို့ လိုအပ်လျက်ရှိသော နည်းပညာတို့ရရှိပြီဆိုပါကလည်း တောင်သူလယ်သမားတို့ထံ ထိထိရောက်ရောက် အသိပညာပေးရန် လိုအပ်ပါသည်။ ကျွမ်းကျင်သူပညာရှင်တို့၏ သုတေသန ပြုလုပ်ချက်အရ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် စိုက်ပျိုးရေးပညာရှင်တစ်ဦးလျှင် စိုက်ပျိုးရေး ဧက ၂၀ဝဝ မှ ၃၀ဝဝ အထိ ကိုင်တွယ်အသိပညာပေးနေရသော အနေအထားမျိုး ဖြစ်ပါသည်။ ပစ္စုပ္ပန်အနေအထား၌ စိုက်ပျိုးစီးပွားရေးဆိုင်ရာ အသိပညာပေး စင်တာတို့ကို လက်ရှိရှိနေသောပညာရှင်များဖြင့် မည်သို့မည်ပုံ အကောင်းဆုံးဆောင်ရွက်မည်ကိုသုံးသပ်လေ့လာ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့်နည်းပညာ၊ တောင်သူပညာပေးနှင့် ဈေးကွက်ဖွံ့ ဖြိုးမှုတို့သည် ဆက်စပ်နေသည်ဖြစ်၍ ဤအချိတ်အဆက် အားကောင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပညာရှင်တို့က ဝိုင်းဝန်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ မြန်မာ့အလင်း