မန္တလေး ၆ ဩဂုတ်

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ(MIMC)နှင့်ဂျပန်နိုင်ငံ မှ ESD21 တို့ ချိတ်ဆက်ပူးပေါင်း၍ နည်းပညာဆိုင်ရာအကြံဉာဏ်များရယူနိုင်ရန် တတိယအကြိမ် မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ Video Conferencing ဖြင့်ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့  မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မိတ်ဆက်စကားပြောကြားပြီး မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ(MIMC)ဉက္ကဌ ဦးခင်မောင်လှနှင့် ဂျပန်နိုင်ငံ ESD21 မှ မန်နေဂျင်းဒါရိုက်တာ Mr. Satoshi Kuroiwa အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမှ စက်ရုံ(၃)ရုံနှင့် ဂျပန်နိုင်ငံမှ စက်ရုံ(၃)ရုံတို့မှ စီးပွားရေးလုပ်ငန်းရှင် များက  စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်မေးမြန်း ဆွေးနွေးခြင်းနှင့် အကြံပြုဆွေးနွေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

“အခု တတိယအကြိမ်ဆွေးနွေးတာကတော့ မန္တလေးမြို့က CYT ချည်မျှင်စက်ရုံ၊ မန္တလာရွှေသီဟလယ်ယာ သုံးထွန်စက်ရုံနဲ့ ထိပ်တန်းပုံနှိပ်စက်ရုံ စတဲ့ စက်ရုံ(၃)ရုံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဂျပန်နိုင်ငံက TOYOTA ချည်မျှင်စက်ရုံ၊ YAMAHA စက်ရုံနှင့်မစ်ဆူစကီ ပုံနှိပ်လုပ်ငန်းတို့မှ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း Video Conferencing ဖြင့် ဆွေးနွေးနိုင်ရန်၊နည်းပညာအကြံဉာဏ်များ ရယူနိုင်ရန်  အဓိကဆောင်ရွက် ပေးတာပါ။ ဆွေးနွေးတာကတော့  စကားပြန်တွေကနေတဆင့် မြန်မာလိုပဲ ဆွေးနွေးတာပါ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ထုတ်ကုန်နည်းပညာတွေ ဖွံဖြိုးတိုးတက်ဖို့ နှင့်အခြားစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အကြံပြုဆွေးနွေးတာတွေ ပါဝင်ပါတယ်။  စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မိမိတို့ အခက်အခဲများကို ကျော်လွှားနိုင်ရန် သိရှိလိုသည်များ မေးမြန်းနိုင်အောင် အကြံပြုဆွေးနွေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးမှုမျိုးတွေ ဆက်လက် လုပ်ဆောင်သွားအုံး မှာပါ” ဟု မန္တလေး စက်မှုဇုန်စီမံန့်ခွဲရေးကော်မတီမှ နိုင်ငံတကာဆက်ဆံရေးနှင့် နည်းပညာရရှိရေးလုပ်ငန်း ကော်မတီ ဉက္ကဋ္ဌ ဦးလှိုင်မင်းချိုက ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)