နေပြည်တော်၊ အောက်တိုဘာ၂၃

 

မွေးမြူရေးဆိုင်ရာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်း မျိုးသန့် မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ မွေးမြူရေးသုတေသနဦးစီးဌာန၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာစီပီလိုက်(ဖ်) စတော့(ခ်)ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ သင်တန်းပို့ချပေးကြမည့် ပညာရှင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများအသုံးပြုပြီး ဘက်စုံကဏ္ဍစုံ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက် ထားဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ အာဟာရပြည့်ဝရေးအတွက် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ညီညွတ်သော မွေးမြူရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် သုတေသနရလဒ်ကောင်းများရရှိရေး၊ မျိုးကောင်း မျိုးသန့်များနှင့် နည်းပညာသစ်များ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ပြည့်ဝစွာဆောင်ရွက်နိုင်ရန်အတွက် သုတေသနပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း စီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယနေ့ နည်းပညာဆိုင်ရာသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်သကဲ့သို့ နည်းပညာပေးသင်တန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်း က သင်တန်းဖွင့်လှစ်ရ ခြင်း၏ရည်ရွယ်ချက်နှင့် နွား၊ ကြက်၊ ဝက်၊ ငါး မွေးမြူမှုနှင့် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

 

မြန်မာနိုင်ငံ၏ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်ပြီး ထုတ်လုပ်မှုကောင်းသည့် မျိုးကောင်း မျိုးသန့် တိရစ္ဆာန်များ မွေးမြူထုတ်လုပ်ရေး သုတေသနနည်းပညာသစ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ(၄၂)ဦး တက်ရောက် လေ့လာလျက်ရှိပြီး နွားမျိုးမြှင့် သားဖောက်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ဒေသကြက် မျိုးမြှင့်တင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ဝက်မျိုးမြှင့်တင် ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ငါး ပုစွန်အစာ အာဟာရဗေဒ ဘာသာရပ်နှင့် ငါးမျိုး မြှင့်သားဖောက်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာ ရပ် များနှင့် စိုက်ပျိုးရေး မွေးမြူရေးဖွံ့ဖြိုး တိုးတက်စေရန် ခေတ်မီနည်းပညာများ အသုံးချခြင်းဘာသာရပ်များကို ပို့ချသွားကြမည်ဖြစ် ကြောင်း၊ ဆက်လက်၍လည်း နွား၊ ကြက်၊ ဝက် မေထုန်မဲ့သားစပ်နှင့် ငါးသားပေါက် သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားရန် စီမံထားရှိကြောင်း သိရသည်။

(သတင်းစဉ်)