နည်းပညာခေတ် မြန်မာမိန်းကလေးများအတွက် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ နှင့် Beyond Access ဆန်းသစ်တီထွင်မှုဆိုင်ရာ စာကြည့်တိုက်ဆု ပေးပွဲအခမ်းအနား ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်

ရန်ကုန် ၂၀ အောက်တိုဘာ 


အခမ်းအနားတွင် အဆိုပါ ပရောဂျက်ကို အကောင်အထည်ဖော်သည့် Myanmar Book Aid & Preservation Foundation အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းက ဖောင်ဒေးရှင်း၏ သမိုင်းကြောင်းနှင့် Tech Age Girls Myanmar ပရောဂျက် ပေါ်ပေါက်လာပုံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်စာဖတ်သူ ဦးရေ တိုးပွားရေးအတွက် ဆောင်ရွက်လျက်ရှိရာ Myanmar Book Aid & Preservation Foundation နှင့် စာအုပ်စာပေဖတ်ရှုရေး၊ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ စာကြည့်တိုက်များ သတင်းအချက်အလက် ဆိုင်ရာအကူအညီများရရှိရေး၊ စာကြည့်တိုက်မှူးများ စာကြည့်တိုက် ဝန်ဆောင်မှု အတတ်ပညာရရှိရေး၊ ပြည်သူစာကြည့်တိုက်များတွင် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံရရှိရန် အင်တာနက်ရရှိရေးတို့ အတွက် MOU  နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များကို Community Center များအဖြစ်လုပ်ငန်းပုံ သဏ္ဍာန်များကို ပြောင်းလဲလျက်ရှိပြီး ဆွေးနွေးပွဲ စကားဝိုင်းများကို စီစဉ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်ဖက်မှ တာဝန်ရှိသူ တစ်ဦး၊ အစိုးရအဖွဲ့မှ တစ်ဦး၊ ကျွမ်းကျင်ပညာရှင်၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ပညာရှင် တစ်ဦးနှင့် ရပ်ရွာလူထုတို့ တွေ့ဆုံသည့် စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပရန်စီစဉ် လျက်ရှိကြောင်း၊ စာကြည့်တိုက်များ ကိုလည်း အများပြည်သူဝင်ထွက် သွားလာသည့် နေရာများဖြစ်ရန်၊ တိုင်းပြည်၏ အရေးကိစ္စများကို ရပ်ရွာမှ အများပြည်သူနှင့် ထိုအရေး ကိစ္စများကို တာဝန်ယူထားသည့် ပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေး ဝေဖန်ငြင်းခုံသည့် အလေ့အထများ ထွန်းကားလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်ရွက်နေခြင်း ဖြစ်ပါကြောင်း၊


စာကြည့်တိုက်များကို ခေတ်မီတိုးတက်သည့် စာကြည့်တိုက်များ၊ လူထု၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်သည့် စာကြည့်တိုက်များဖြစ်အောင် ဆောင်ရွက်နေပါကြောင်း၊ ပြောင်းလဲ တိုးတက်လာသည့် စာကြည့်တိုက်များဖြစ်ရန် Myanmar Book Aid နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ စာကြည့်တိုက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၊ စာကြည့်တိုက်မှူးများ တွေ့ဆုံ နှီးနှောဖလှယ်ပွဲ၊ ICT for Librarian သင်တန်းများ၊ ခေါင်းဆောင်မှု သင်တန်းများ၊ မိုဘိုင်းလ် သတင်းအချက်အလက်ဆိုင်ရာ သုတပညာ ကျွမ်းကျင်မှုသင်တန်းများစသဖြင့် ပူးပေါင်း ဆောင်ရွက်မှုပေါင်း (၄၅) ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခရိုင်၊ မြို့နယ်ရုံးများရှိ ပြည်သူ့စာကြည့်တိုက် များကို အများပြည်သူအတွက် အသိပညာ ဖြန့်ဖြူးပေးရာ နေရာများ သာမက ရပ်ရွာလူထု ဝင်ထွက်သွားလာ နှီးနှော ဖလှယ်မည့် Community Center များဖြစ်ရန် Myanmar Book Aid နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့စာကြည့်တိုက်များ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့နှင့် ရည်ရွယ်ချက်ခြင်း တူညီသည့် အဖွဲ့များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးနှင့် ပရောဂျက်အတွက် ဝိုင်းဝန်းကူညီခဲ့ကြသည့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော IREX ၊ Microsoft နှင့် အူရီဒူးမြန်မာတို့မှ တာဝန်ရှိသူများက ဂုဏ်ပြု အမှာစကားများ ပြောကြားကြသည်။


ဆက်လက်၍ Beyond Acess Myanmar Project မန်နေဂျာ(MBAPF) ဒေါ်မြတ်ဆန်းငြိမ်း က ဆုရရှိသူများစာရင်းကို ကြေညာပြီး ဆုရရှိသည့် စာကြည့်တိုက် (၁၃) ခုမှ စာကြည့်တိုက်မှူး များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုး၊ ဒေါက်တာသန့်သော်ကောင်းနှင့် ဒေါ်မြတ်စန်းငြိမ်း တို့က ဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် Tech Age Girls Myanmar ပရောဂျက် မန်နေဂျာ (MBAPF) ဒေါ်စန္ဒြာချစ်ဖို့က ပရောဂျက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် နည်းပညာအသုံးပြုမှု၊ ဆန်းသစ်တီထွင်မှုတို့ ပေါ်မူတည်၍ အထူးချွန်ဆုံး ဆုရရှိသူ သုံးဦးကို ဆုများပေးအပ် ချီးမြှင့်ပြီး ရရှိသူ မအိအိဖြူကTech Age Girls Program မှ အတွေ့ အကြုံများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပရောဂျက်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများကို ပရောဂျက် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းက အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။


စာကြည့်တိုက်များကို Community Library မှ Community Center များအဖြစ် ပြောင်းလဲ ဆောင်ရွက်လျက်ရှိရာ အင်တာနက်၊ Device၊Training စသည့် နည်းပညာများ လိုအပ်လာမှုကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ နည်းပညာခေတ်တွင် ရပ်ရွာများ၌ အမျိုးသမီးခေါင် ဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့် ရည်ရွယ်ချက်များနှင့် Tech Age Girls Program ကို ၂၀၁၆ ခုနစ်တွင် စတင်ခဲ့ရာ ယခုဒုတိယအကြိမ်မြောက် ရှိပြီဖြစ်သည်။


Tech Age Girls Program သည် စာကြည့်တိုက်များကို အခြေခံသည့် ကိုးလတာ သင်တန်း ဖြစ်သည်။ လူမှုအခြေပြုသည့် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် ကနဦး အနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အသက် ၁၆ နှစ်မှ ၂၀ နှစ်ကြား တက္ကသိုလ် ဝင်တန်းအောင် မိန်းကလေးငယ်  အယောက် ၁၀ဝ ကိုလည်းကောင်း၊ ဒုတိယအဆင့်တွင် မိန်းကလေးငယ် ၆၀ ဦးနှင့် နောက်ဆုံးအဆင့်တွင် ၂၀ ဦးကို လည်းကောင်း အဆင့်ဆင့် ရွေးချယ်၍ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အမျိုးသမီး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ သင်တန်းပို့ချခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။


(သတင်းစဉ်)