၂၀၂၂ ခုနှစ် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာ အခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်ကြစို့” ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ချမှတ် ထားသော လူကုန်ကူးမှုဆောင်ပုဒ်နှင့်အညီ နည်းပညာကဏ္ဍကို အဆင့်မြှင့်တင်၍ ပြည်တွင်း၊ ပြည်ပချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

 

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ် ကျေးကျွန်စနစ်အသွင် ဖြစ်ပေါ်လာသည့် ပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရပြီး အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများတွင် လူကုန်ကူးမှု နှင့်နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားနေရသည်။ မျက်မှောက်ကာလတွင် လူကုန်ကူးမှု ပြဿနာသည်   နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်  ဆက်နွှယ်လာသဖြင့် ကမ္ဘာ့နိုင်ငံများက  နည်းလမ်းမျိုးစုံဖြင့်  ထိရောက်စွာ  တားဆီးကာကွယ်နေကြ သော်လည်း လူကုန်ကူးမှုပြဿနာမှာ မြင့်မားနေဆဲဖြစ်သည်။

 

ပြီးခဲ့သည့်ရက်သတ္တပတ်က အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့တွင် လူကုန်ကူးခြင်းခံရသည့်   မြန်မာအမျိုးသမီး ခုနစ်ဦးအား   ကယ်တင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ်တွင်   စုံစမ်းထောက်လှမ်းတွေ့ရှိပြီး မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးသူများကို ဖမ်းဆီးရမိပြီး မြန်မာအမျိုးသမီးများကို ကယ်တင်နိုင်ခြင်းသည် နည်းပညာကို ထိရောက်စွာအသုံးချနိုင်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ မျက်မှောက်ကာလသည် နည်းပညာခေတ်ဖြစ်၍ လူကုန်ကူးမှုတိုက်ဖျက်ရာ တွင်လည်းကောင်း၊ လူကုန်ကူးခံရ လျှင်လည်းကောင်း နည်းပညာကိုအသုံးပြု၍ အကျိုးရှိအောင် ဆောင်ရွက် နိုင်သည်။

 

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်း များတွင်  ပြည်တွင်းရေး အခြေအနေများနှင့်  ပြည်ပတွင်အလုပ်အကိုင်ရလိုမှုတို့ကြောင့် ဖြစ်ပေါ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်  များသွားရောက်လုပ်ကိုင်နေမှုများကို အသုံးချ၍ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ ကျူးလွန်နေ ကြခြင်းဖြစ်သည်။ လူကုန်ကူးမှုကို လေ့လာဆန်းစစ်ကြည့်လျှင် ပြည်တွင်း၌ လူကုန် ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းရှိပြီး ပြည်ပကိုအကြောင်းပြု၍ လူကုန်ကူးမှုမှာ ၈၀  ဒသမ  ၃၂  ရာခိုင်နှုန်းရှိသည်။  လူကုန်ကူးခံရသူများအနက်  ၅၀  ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ပြည်ပတွင် အလုပ်အကိုင်ရလိုသည့် အမျိုးသမီးငယ်အနေဖြင့်   လူကုန်ကူးခံရမှုအခြေအနေ   အများဆုံးရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံမှ   အသက်ငယ်ရွယ်သည့်   မိန်းကလေးများကို   အဓမ္မထိမ်းမြား လက်ထပ်ရန်  ပွဲစားများက  စည်းရုံးခေါ်ဆောင်ခြင်း၊  အငှားကိုယ်ဝန်ဆောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများ တွင် အဓမ္မလုပ်အားခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်  နှောင်ဖွဲ့စေခိုင်းခြင်း၊  ဆိုရှယ်မီဒီယာကိုအသုံးပြု၍  စည်းရုံးခေါ်ဆောင် ရောင်းစားခြင်း  စသည့်လူကုန်ကူးမှုပုံစံမျိုးစုံ  ဖြစ်နေကြောင်းတွေ့ရသည်။ အဓမ္မ စေခိုင်းမှုမှုခင်းများမှာ  ၆၁  ဒသမ  ၁၁  ရာခိုင်နှုန်းဖြင့်  အများဆုံးဖြစ်ပြီး  အဓမ္မ ပြည့်တန်ဆာစေခိုင်းမှုမှာ ၂၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိ၍  အဓမ္မလက်ထပ်မှုမှာ  ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့်  အဓမ္မမွေးစားမှုမှာ ၅ ဒသမ ၅၆  ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။

 

လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် အချက်အလက်များ ပေးပို့ခြင်း၊ အခြေခံပညာကျောင်းသင်ခန်းစာများတွင် ဘဝအတွက်သိမှတ်စရာ ဘာသာရပ် များထည့်သွင်းအသိပေးခြင်း၊   လူကုန်ကူးခံရသူများအား   အချိန်မီ ကယ်တင်နိုင်ရန်  ၂၄  နာရီ  သတင်းပေး တိုင်ကြားနိုင်သည့်  အရေးပေါ်ဖုန်းများကို အဓိကကျသည့်မြို့ကြီးများတွင် အသိပေးထားခြင်း၊ ဖော်ထုတ်ခြင်း၊ အရေးယူခြင်း၊ ကယ်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းသွား လာမည့် အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများအား ကူညီနိုင်ရေးအတွက် ထောက်ပံ့ကူညီရေးဗဟိုဌာနများကို ဖွင့်လှစ်ထားရှိပေးပြီး ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နည်းပညာသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နည်းပညာအသုံးပြု သတင်း ဖလှယ်ရေးလုပ်ငန်းများ၊  စုံစမ်းထောက်လှမ်း  ဖော်ထုတ်ကယ်တင်  အရေးယူမှု လုပ်ငန်းများအား ပြည်သူလူထု၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုဖြင့် ဟန်ချက်ညီညီ အကောင်အထည်ဖော် နိုင်ပါက မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာများ လျော့နည်းကျဆင်းလာပြီး ထိရောက်စွာထိန်းချုပ်နိုင် မည်ဖြစ်ပါကြောင်း။                ။

ကြေးမုံ