နီဇော်သစ်
အကြိုသမိုင်းခေတ် အထွေထွေသုံးနည်းပညာများဖြစ်သည့် ကျောက်လက်နက်နှင့် မီးကိုအသုံးချမှု တို့အကြောင်း ဆွေးနွေးခဲ့ပြီးပြီဖြစ်၍ ယခုတစ်ပတ်တွင် ရှေးလူသားတို့ တီထွင်ခဲ့သည့် နောက်ထပ် နည်းပညာတစ်ခုအကြောင်းဆက်ပါမည်။ ထိုနည်းပညာမှာ လူသားမျိုးနွယ်တစ်ရပ်လုံးထံသို့ ပျံ့နှံ့စိမ့်ဝင်မှု အားကောင်းလွန်းလှ၍ ယနေ့ခေတ်တွင် နည်းပညာဟုပင်မမြင်ကြဘဲ အချို့ဆိုလျှင် သဘာဝဟုပင် ထင်မြင်နေကြသည်။ ယင်းမှာ ဘာသာစကားဖြစ်သည်။
လူသားတို့ထံတွင် ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုမှာ နေ့ချင်းညချင်းဖြစ်လာသည်တော့မဟုတ်။ နှစ်ပေါင်းသန်းနှင့်ချီ၍ အချိန်ယူခဲ့ရသည်ဟု ပညာရှင်တို့ကဆိုသည်။ ဘာသာစကားဖြစ်ထွန်းလာသည့် အချိန်ကာလတစ်ခုကိုမူ တိတိကျကျမပြောနိုင်။ သို့သော် အသံ၊ ခြေဟန်လက်ဟန်တို့သုံးပြီး ဆက်သွယ်မှုကို သတ္တဝါတော်တော်များများ လုပ်နိုင်စွမ်းရှိကြ၍ ရှေးပရိုင်းမိတ်ခေတ်ကတည်းက လူသားတို့လည်း ထိုနည်းလမ်းတို့ကို တတ်မြောက်ခဲ့ကြမည်မှာ သေချာပါသည်။ သို့သော် သူတို့၏ ဦးနှောက်မှာ ဘာသာစကားတစ်ခုကို တီထွင်နိုင်လောက်အောင် အဆင့်မမြင့်သေးပေ။
ရှေ့ပိုင်းဆောင်းပါးများ၌ ဆွေးနွေးခဲ့သကဲ့သို့ပင် ကျောက်လက်နက်နှင့် မီးကိုအသုံးပြုခြင်းသည် ရှေးလူသားတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်များစွာအကျိုးသက်ရောက်မှုရှိခဲ့သည်။ အထွေထွေသုံး နည်းပညာဆိုသည်မှာ ထိုသဘောပင်။ ပျံ့နှံ့မှု အားကောင်းရုံမက လူတိုင်းအလွယ်တကူ လိုက်သုံး နိုင်ပြီး အကျိုးသက်ရောက်မှုလည်း အားကောင်းလှ သည့် ဆန်းသစ်တီထွင်မှုများဖြစ်သည်။ ဦးနှောက် ဆင့်ကဲတိုးတက်မှုကြောင့် လွန်ခဲ့သောနှစ်ပေါင်း ခုနစ်သောင်းမှ ငါးသောင်းအတွင်း ဟိုမို နီယန်ဒါ သယ်(Homo Neanderthal)တို့၊ ဟိုမိုဆေပီယန် (Homo Sapiens)တို့ကို စကားပြောနိုင်စွမ်းရှိ လာစေသည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
အထူးသဖြင့် ကျွန်တော်တို့ မျိုးစိတ်ဖြစ်သော ဟိုမိုဆေပီယန်တို့သည် စကားကို ပိုမိုတီထွင်ပြီး ပြောနိုင်ကြသည်ဟု ဆိုသည်။ Sapiens စာအုပ်ကို ရေးသားခဲ့သည့် ယူဗယ် နိုအာ ဟာရာရီ၏ စကား အတိုင်းဆိုလျှင် ကျွန်တော်တို့သည် အခြားသော သတ္တဝါများပြောသလို တကယ့်အဖြစ်မှန်များကို သာမဟုတ်ဘဲ တကယ်မဟုတ်သည့် ကိစ္စများကိုပါ ပြောနိုင်ကြသည်။ ဥပမာ အသံပြုဆက်သွယ်မှု အများစုသည် အန္တရာယ်ကျရောက်လာပြီ၊ ဘယ်နေရာ က လာနေသည်ဆိုသည့် တကယ်ကြုံနေရသည့် ကိစ္စများဖြစ်သည်။ ကျွန်တော်တို့ လူပညာရှိများကမူ ထို့ထက်ပို၍ အပြင်မှာ လက်တွေ့ဖြစ်နေခြင်း မဟုတ်ဘဲ စိတ်ကူးထဲပေါ်သမျှကို တီထွင်ပြီး ပြောနိုင်ကြသည်။ ထိုအချက်ကသည်ပင်လျှင် လူသား မျိုးနွယ်၏ ဆင့်ကဲတိုးတက်မှုကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်။
ဘာသာစကားကို တီထွင်ပြီးနောက် လူသားတို့သည် အသိပညာတို့ကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆင့်ပွားထိန်းသိမ်းနိုင်လာသည်။ သက်ကြီးရွယ်အိုများ၊ နတ်ဆရာများနှင့် ပုံပြောကောင်းသူတို့ သည် အသိပညာကို သယ်ဆောင်သူများဖြစ်လာသည်။ ထိုအချက်ကို ကြည့်လျှင်ပင် ဘာသာစကား၏ အဖွဲ့အစည်းတစ်ခုအတွင်း ပါဝါပြန်လည်ဖြန့်ဝေနိုင်စွမ်းကို မြင်နိုင်သည်။ ကာယစွမ်းရည်ကို အလေးပေးသော ထိုခေတ်မှာပင် လူသားမျိုးနွယ်စုတစ်ခုအတွင်း၌ ကာယစွမ်းရည် နည်းပါးကျဆင်း နေစေကာမူ စကားပြောကောင်းသူတို့သည် အဓိကကျသည့် နေရာတစ်နေရာကို ရလာကြသည်။ ၎င်းတို့ထံမှ လက်တွေ့အသုံးချနည်းများဖြစ်သော အသက်ရှင်အောင်နေနည်း၊ အမဲလိုက်နည်း၊ ဆေးဝါးတို့အပြင် နှုတ်ပြောအစဉ်အလာများ၊ ဒဏ္ဍာရီများ၏ လွှမ်းမိုးမှုကိုပါ ခံယူလာကြရသည်။
ဘာသာစကားတီထွင် အသုံးပြုနိုင်ခြင်းကြောင့် အဖွဲ့အတွင်း အလုပ်ခွဲဝေ လုပ်ကိုင်ခြင်းကိုလည်း ပိုပြီး ပြတ်ပြတ်သားသား ခွဲဝေလာနိုင်စေသည်။ အုပ်စုဖွဲ့အမဲလိုက်ခြင်း၊ အရင်းအမြစ်များ မျှဝေခြင်း၊ ကာကွယ်ရေးဗျူဟာများ ချမှတ်ခြင်းတို့တွင် ပိုမိုထိရောက်မှုရှိလာသည်။ ထိုသို့ဘာသာစကားဖြင့် အဖွဲ့တွင်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း၊ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အသိပညာများကို ထိန်းသိမ်းနိုင်ခြင်းတို့သည် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ကွာဟချက်တို့ကို ဖြစ်လာစေသည်။ ယင်းသည်ပင်လျှင် ဘာသာစကား၏ ပါဝါပြန်လည် ဖြန့်ဝေခြင်းတစ်မျိုးပင်ဖြစ်သည်။
လက်တွေ့မဟုတ်ဘဲ စိတ်ကူးထင်ရာ ပြောနိုင်ခြင်းသည် ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများနှင့် ကိုးကွယ်ယုံကြည်မှုများကို ဖြစ်လာစေသည်။ ထိုသို့စိတ်ကူးထင်ရာ ပြောဆိုခြင်းတို့သည်ပင်လျှင် အဖွဲ့တွင်း ပိုမိုစည်းလုံးညီညွတ်မှုကို ဖြစ်လာစေပြီး လူမှုရေး ဥဿုံညီမှုကို ဖန်တီးပေးသည်။ ထိုအဆင့် တွင် ပါဝါပြန်လည်ဖြန့်ဝေခြင်းမှာ ပိုမိုကြီးမားသွား၏။ အဖွဲ့ဝင်အားလုံးကို ယုံကြည်မှုပေးနိုင်သော ပုံပြောကောင်းသူတို့သည် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာခေါင်းဆောင်များဖြစ်လာကြပြီး ကာယအား၊ ဉာဏအားဖြင့် ဦးဆောင်နေသည့် ခေါင်းဆောင်များကိုပင် ကျော်လွှားလာနိုင်ကြသည်။ ထို့ပြင် ဘာသာ စကားအခြေပြု ပုံပြောခြင်းသည် စုပေါင်းမှတ်ဉာဏ်ကိုဖြစ်စေပြီး နောက်ပိုင်းတွင် သမိုင်းဟူ၍ ဖြစ်လာသည်။
ဘာသာစကားသည် စည်းမျဉ်းများ၊ စံနှုန်းများနှင့် တားမြစ်ပိတ်ပင်မှုများကိုပါ ဖြစ်လာစေရာ ယင်းတို့သည် လူတို့၏ ဓလေ့စရိုက်ကို ပုံဖော်သည်။ နှုတ်အားဖြင့် သဘောတူညီချက်များ၊ ထုံးတမ်း စဉ်လာ ရိုးရာဓလေ့များသည် လူမှုအဖွဲ့အစည်း ကြီးထွားလာချိန်တွင် စည်းမျဉ်းဥပဒေများ၊ တာဝန် ဝတ္တရားများဖြစ်လာသည်။ ထိုအရာတို့က ကိုယ်ကျင့်တရားနှင့် လက်ခံနိုင်သော အမူအကျင့်တို့ကို ပိုင်းဖြတ်ရာ ကာယအားဖြင့် ခေါင်းဆောင်သူများထက် သက်ကြီးရွယ်အိုများ၊ နတ်ဆရာများ၊ ဘာသာ ရေးဆရာများထံသို့ ပါဝါများ ပိုမိုရောက်ရှိလာသည်။
ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုကို အတိုချုပ်ပြီး ပြန်ကြည့်လျှင် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်သိန်း ဝန်းကျင်သားလိုက် ရွက်ခူးခြေသလုံးအိမ်တိုင် အုပ်စုငယ်လေးများခေတ်ကတည်းက အန္တရာယ် သတိပေးချက်နှင့် လူမှုဆက်ဆံရေးအတွက် အသံဖြင့်ဆက်သွယ်မှု သို့မဟုတ် ဘာသာစကားကို စတင် အသုံးပြုကြသည်။ ထိုသို့ဖြင့် ဘာသာစကားကို သွယ်ဝိုက်အကျိုးပြုမှုမဟုတ်ဘဲ တိုက်ရိုက်အကျိုးပြု မှုများကို စာအရေးအသားတီထွင်ခြင်း၊ ပုံနှိပ်စက် တီထွင်ခြင်း၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးများကဲ့သို့ နောက်ပေါ် အထွေထွေသုံးနည်းပညာများ၌ တွေ့မြင်ခဲ့ရသည်မှာ ယခုနောက်ဆုံး အေအိုင်နည်းပညာ အထိပင်။
အေအိုင်နည်းပညာတွင် ဘာသာစကားသည် ကြီးကြီးမားမားအရေးပါသည်။ အေအိုင်ဖွံ့ဖြိုး တိုးတက်စေရန် ဘာသာစကားဖြင့် လေ့ကျင့်ပေးရသည်။ အေအိုင်သည် ဘာသာစကားကို စီမံခန့်ခွဲရုံ မက အဓိပ္ပာယ်ကို နားလည်ရသည်။ လူလိုပြန်ပြောနိုင်ရသည်။ ထိုအရည်အသွေးကို Chat GPT-3 လောက်မှာပင် တွေ့မြင်နေရပြီဖြစ်သည်။ ထို့ကြောင့် Chat GPT တို့ကဲ့သို့ အေအိုင်များကို ကြီးမားသော ဘာသာစကား မိုဒယ်များ (Large Language Models)ဟု ခေါ်သည်။ ဒေါ်လာဘီလီယံနှင့်ချီသည့် ဟာ့ဒ်ဝဲ အရင်းအမြစ်များပေါ်တွင် အလွန်များပြားသော ဘာသာစကား အရင်းအမြစ်များ ထည့်သွင်း လေ့ကျင့်ပေးထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း DeepSeek ဟုခေါ်သည့် တရုတ်အေအိုင်တစ်ခု ပေါ်လာပြီး Chat GPT ကို ရင်ပေါင်တန်းပြသည်။ ဤနေရာတွင် ဟာ့ဒ်ဝဲအရင်းအမြစ်နှင့် ဘာသာ စကားလေ့ကျင့်မှု ဘယ်အရာက ပိုအရေးပါသလဲ ဆိုသည်ကို မြင်ရစေသည်။ DeepSeek က ကုန်ကျစရိတ်များစွာ ပိုနည်းသည်မှာ ဟာ့ဒ်ဝဲအရင်းအမြစ် နည်းနည်းပဲသုံးထားပြီး ရင်ပေါင်တန်းနိုင်သည်မှာ လုံလောက်သော ဘာသာစကားအရင်းအမြစ်များ သုံးပြီး လေ့ကျင့်ထား၍ဖြစ်သည်။
အေအိုင်သည် ဘာသာစကားကို လူတို့လို နားလည်ခြင်းတော့မဟုတ်။ ပြောရလျှင် သူ့ဘာသာ စကားနှင့် သူရှိသည်။ သဘာဝ ဘာသာစကား လုပ်ငန်းစဉ် (Natural Language Processing – NLP)ဟုခေါ်သည်။ လူတို့က ကိုယ့်ဘာသာစကားကို အေအိုင်ဘာသာစကား NLP နှင့် တွဲပေးရသည်။ ထိုသို့တွဲပေးပြီး ကိုယ့်ဘာသာစကား အရင်းအမြစ်များများနှင့် လေ့ကျင့်ပေးလေလေ အေအိုင်က ကိုယ့်ဘာသာစကားကို ပိုကျွမ်းကျင်လာလေလေပင်။ အေအိုင်တို့ မြန်မာစကား ကောင်းကောင်းမပြော တတ်ခြင်းသည် မြန်မာ NLP အားနည်းချက်နှင့် မြန်မာဘာသာစကား အရင်းအမြစ်ဖြင့် လေ့ကျင့် ပေးမှု အားနည်းခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် နောက်လာမည့်ခေတ်တွင် ဘာသာ စကားရှင်သန်မှုနှင့် တိုးတက်မှုတို့သည် အေအိုင်နှင့် တွဲလာတော့မည်ကို မြင်နေရပြီ။ လူတိုင်း အေအိုင် သုံးနေချိန်တွင် ကိုယ့်ဘာသာစကားက အေအိုင်နှင့် ဆက်သွယ်ရန် အားနည်းသဖြင့် ကိစ္စတော်တော်များများတွင် အေအိုင်သေချာပေါက်နားလည်သည့် အင်္ဂလိပ်လိုသာ ဆက်သွယ်နေရလျှင် ကိုယ့်ဘာသာ စကား ပိုမိုအားနည်းလာနိုင်သည်။ အထူးသဖြင့် သင်္ချာ၊ သိပ္ပံနှင့် နည်းပညာ၊ ဆေးသိပ္ပံ၊ ရူပဗေဒ၊ ဓာတုဗေဒတို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ဘာသာရပ်များအကြောင်း အပြန်အလှန် ဆွေးနွေးချိန်မျိုးတွင်ဖြစ်သည်။ ထို့ကြောင့် ဘာသာစာပေ ဆက်လက်ရှင်သန်ရန်ဆိုလျှင် စာပေလေ့လာလိုက်စားခြင်း၊ ရေးသားခြင်းတို့နှင့် မလုံ လောက်တော့ဘဲ ကိုယ့်ဘာသာစာပေကို အေအိုင်နှင့် ချိတ်ဆက်မိအောင်လုပ်ရန် လိုအပ်လာသည့် ခေတ်ကိုရောက်နေပြီဟု ဆိုရမည်ဖြစ်သည်။
Ref: Sapiens by Yuval Noah Harari
The Coming Wave by Mustafa Suleyman
Speech and Language Processing by Daniel Jurafsky and James H. Martin