နေပြည်တော် ၇ စက်တင်ဘာ

ယနေ့လူငယ်လူရွယ်များသည် ၎င်းတို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် အလုပ်အကိုင် ရရှိရေးအတွက် ဆိုင်ရာ ဆိုင်ရာပညာရပ်များကို သင်ကြားနေကြသည်။ အစိုးရဌာနတွင်ဖြစ်စေ၊ ပြင်ပပုဂ္ဂလိကတွင်ဖြစ်စေ အလုပ်အကိုင်ရရှိရေးသာမက ဝင်ငွေရလမ်းကောင်းမွန်သော အလုပ်များ လုပ်ကိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာရပ်အမျိုးမျိုးတို့ကို ရွေးချယ်သင်ယူနေကြသည်။

ယနေ့ခေတ်တွင် နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရပ်များသည် အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းရေး၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။ နည်းပညာကဏ္ဍတွင် Artificial Intelligence(AI) နှင့် Internet of Things(IOT) တို့နှင့် ချိတ်ဆက်ပေါင်းစပ် သင်ကြားလေ့ကျင့်ခြင်းဖြင့် ဝင်ငွေကောင်းမွန်သည့် အခွင့်အလမ်းများ ရရှိနိုင်သည်။ သက်မွေးကဏ္ဍတွင် ကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာ သင်တန်းများ တက်ရောက်နိုင်သည်။

အစိုးရအနေဖြင့် နည်းပညာနှင့်သက်မွေးပညာရေးကို ဦးစားပေးလုပ်ငန်း အဖြစ်သတ်မှတ်ပြီး ပထမတန်းစားပညာရေး ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အဆင့်မြင့်ပညာကို သင်ယူနိုင်ခြင်းမရှိသော မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် စိတ်ပျက်အားငယ်စရာမရှိဘဲ နည်းပညာနှင့် သက်မွေးပညာများအား ဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းကောင်းများ ယနေ့ရရှိနေပြီဖြစ်သည်။

နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေး ဦးစီးဌာနက နည်းပညာနှင့် သက်မွေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တစ်နိုင်ငံလုံးတွင် အစိုးရနည်းပညာ ကောလိပ်သုံးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ၂၂ ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်းနှင့် သက်မွေးပညာသင်ကျောင်း ငါးကျောင်း စုစုပေါင်း ၆၅ ကျောင်းတွင် ပုံမှန်သင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေးပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာဖွံ့ဖြိုးရေး၊ တတ်ကျွမ်းရေးသည် အဓိကကျသော အချက်ဖြစ်သည်။ မည်သည့်ထုတ်ကုန်မျိုးကိုမဆို ခေတ်မီနည်းစနစ်၊ ခေတ်မီနည်းပညာ မပါဝင်ပါက အချည်းနှီး ပင်ဖြစ်မည်။ မြန်မာနိုင်ငံတွင် ကုန်ထုတ် အရင်းအနှီးအရင်းအမြစ်၊ လူသား အရင်းအမြစ်များ အမြောက်အမြားရှိသော်လည်း အခြားနိုင်ငံများမှ ထုတ်ကုန်များကိုသာ မှီခိုအားထားနေရခြင်းသည် နည်းပညာ လိုအပ်ချက်ကြောင့်ဖြစ်သည်။ နည်းပညာလိုအပ်ချက်ရှိလျှင် ထုတ်ကုန်အရည်အသွေး နိမ့်ကျပြီး ဈေးကွက်မဝင်ဘဲ ဖွံ့ဖြိုးမှုကျန်ရစ်မည်ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာနှင့်ကြုံတွေ့နေရသလို တစ်ဖက်တွင်လည်း ဝင်ငွေကောင်းသော၊ ဝင်ငွေကောင်းမွန်သော အလုပ်အကိုင် ရှားပါးမှုများနှင့်လည်း ကြုံတွေ့နေရသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ပူးတွဲဖက်စပ် ကာလတို၊ ကာလရှည်ဖွင့်ပေး လျက်ရှိသည့် နည်းပညာနှင့် သက်မွေးပညာသင်တန်းများသည် မြန်မာနိုင်ငံတွင် ကျွမ်းကျင်သူများ ပေါ်ထွန်းရေးအတွက် အထောက်အပံ့ကောင်း များပင်ဖြစ်သည်။ ထိုသင်တန်းများ အနေဖြင့် အလုပ်အကိုင် အသီးသီးတွင်လုံလောက်သည့် အသိပညာ၊ ခံယူချက်နှင့်အရည်အချင်း ပြည့်ဝစေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး သက်မွေးပညာရပ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျွမ်းကျင်သည့် လုပ်သားဈေးကွက်ကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မိတ်ဆွေနိုင်ငံများ၏အကူအညီများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော မျက်မှောက်ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာပြီဖြစ်၍ အဆင့်မြင့်ပညာသင်ယူနိုင်သည်ဖြစ်စေ၊ မသင်ယူနိုင်သည်ဖြစ်စေ နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာရပ်များကို ကျွမ်းကျင်စွာ သင်ကြားလေ့လာထားခြင်းအားဖြင့် အလုပ်အကိုင်လည်းရ၊ တိုင်းပြည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများတွင်လည်း အထောက်အပံ့ကောင်းများ ရရှိဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း။

ကြေးမုံ