နည်းပညာတိုးတက်မှ ရေရှည်စီးပွားတိုးတက်မည်

နေပြည်တော် ၆ ဧပြီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် Greater Mekong Subregion(GMS)  ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာတွင် အရည်အသွေးမြင့်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် လူသား အရင်းအနှီးများဖြင့် ဆောင်ရွက်သည့် နည်းပညာတိုးတက်မှုကသာ ရေရှည်စီးပွားရေး တိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဒုတိယသမ္မတက မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း နိုင်ငံအချို့ လက်ရှိကြုံတွေ့နေရသော စီးပွားရေး အလှည့်အပြောင်းကို မီးမောင်းထိုး ပြောကြားခဲ့သည်။ နိုင်ငံများ၏ စီးပွားရေးပမာဏ ကြီးထွားလာမှု၊ စီးပွားရေးသဘောသဘာဝ ရှုပ်ထွေးလာမှုနှင့် လူတစ်ဦးချင်းဝင်ငွေ တိုးတက်လာမှုများကြောင့် ကုန်ကျစရိတ်သက်သာသည့် လုပ်သားနှင့် သယံဇာတ အရင်းအမြစ်များ ထုတ်ယူအသုံးချမှုအပေါ် ဆက်လက်မှီခိုအားထားရန်မှာ မဖြစ်နိုင်သည့် အခြေအနေ ဖြစ်လာသည်။ ထိုအခါ လျော်ကန်သင့်မြတ်သော ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြောင်းလဲကျင့်သုံးရမည့် စီးပွားရေး တွန်းအားမှာ အရည်အသွေးမြင့်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် လူသား အရင်းအနှီးများဖြင့် ဆောင်ရွက်သည့် နည်းပညာတိုးတက်မှု လိုအပ်လာသည်။

 

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဂျီအမ်အက်စ် ဒေသအတွင်း ပိုမိုကျယ်ပြန့်လာမည့် နည်းပညာတိုးတက်မှုများကို ကူညီထောက်ပံ့ရာတွင် ပုဂ္ဂလိက ကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာသည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍသည် အရေးအကြီးဆုံး ဖြစ်လာသည်။ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိက ကဏ္ဍသည် ၉၉ ရာခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင် အားပေးလျက်ရှိနေသည်ကို တွေ့ရသည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် အရေးကြီးသည့် နယ်ပယ်များသည် စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် ဝန်းကျင်ကောင်းတစ်ရပ် ပေါ်ထွန်းလာရေးကို အထောက်အကူပြုရေး၊ အထူးသဖြင့် ဘဏ်၏ဝန်ဆောင်မှုလုပ်ငန်းများကို ရယူသုံးစွဲခြင်း မရှိသည့် ပြည်သူများနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် ငွေရေးကြေးရေး လက်လှမ်းမီစွာ ပိုမိုရယူသုံးစွဲနိုင်ရေးကို အထောက်အကူပြုရေး၊ အရည်အသွေး ပြည့်ဝသည့် ပညာရေး ပိုမိုတိုးမြှင့်ရရှိရေးနှင့် ကုန်သွယ်မှု ယှဉ်ပြိုင်စွမ်းအားနှင့် ဆန်းသစ်တီထွင်မှုကို တိုးမြှင့်စေနိုင်မည့် မူဝါဒဝန်းကျင်တစ်ရပ် ဖန်တီးရေးတို့ကို ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

သို့ဖြစ်ရာ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှု ဖြစ်ထွန်း စေရန်အတွက် အရည်အသွေး မြင့်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် လူသား အရင်းအနှီးများဖြင့် ဆောင်ရွက်သည့် နည်းပညာတိုးတက်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ အားလုံးပူးပေါင်းပါဝင်ကာ ပြည်သူများ လူမှုဘဝမြင့်မားရေး၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

 

( ကြေးမုံ)