ကျိုင်းတုံ ၂၈ ဇွန်
MPT လုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေး နှစ်လတာသင်တန်း ပြီးမြောက်ခဲ့သည့် ကျိုင်းတုံ နည်းပညာ တက္ကသိုလ်မှ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတို့၏ အလုပ်သင် အတွေအကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာရုံးတွင် ပြုလုပ်သည်။
“ကျနော်တို့ရဲ့ လုပ်ငန်းခွင် အရည်အသွေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အသိပညာတွေ မျှဝေတိုးတက်စေတာပါ နည်းပညာတက္ကသိုလ်က Electronic Engineering နောက်ဆုံးနှစ် ကျောင်းသားလေးဦးနဲ့ ကျောင်းသူနှစ်ဦးတို့ နှစ်လတာ သင်တန်းတက်ခဲ့ပြီး ဒီနေ့ဆင်းတာပါ” ဟု MPT- KSGM JO လုပ်ငန်း ရှမ်းအရှေ့ပြည်နယ် မန်နေဂျာ ဦးသိန်းဌေးမြင့် က ပြောသည်။
“ ကျောင်းသား ကျောင်းသူတွေအတွက် များစွာအကျိုးရှိပါတယ်… ကျောင်းပြီးသွားချိန်မှာ အစိုးရအလုပ်ဌာနမှာ ဖြစ်ဖြစ် ပြင်ပမှာဖြစ်ဖြစ် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိမှာပါ။ သင်တန်းတက်သူ ခြောက်ဦးကို ကျနော့်စီက သင်ကြားရေး ဆရာ၊ ဆရာမက ၁၈ ဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးနိုင်ခဲ့ပါတယ်”ဟု ပြည်နယ် မန်နေဂျာ ဦးသိန်းဌေးမြင့်က ဆက်ပြောသည်။
သင်တန်းဆင်းပွဲတွင် Electronic Engineering နောက်ဆုံးနှစ် ကျောင်းသား မောင်အာဒံ၊ မောင်နေမင်းနိုင်၊ မနန်းစံတစ်၊ မလဲ့ယဉ်ဝင်း၊ မောင်စိုင်းဆိုင်ဟိန်း၊ မောင်အောင်မြင့်သန်းတို့က ဆက်သွယ်ရေးဆိုင်ရာ အရင်းအမြစ်များ၊ ကွန်ရက်များ၊ ပြောင်းလဲတိုးတက်မှုများ၊ မိုဘိုင်းဖုန်းနှင့် စက်ရုံချိတ်ဆက်မှုများ၊ ဝိုင်ဖိုင်ချိတ်ဆက်မှုများ စသည်ဖြင့် အလုပ်သင် ပညာရပ်တို့ကို ပရိုဂျက်ဖြင့် ရှင်းလင်းတင်ပြကြသည်။
သင်တန်းပို့ချပေးဖို့အတွက် အစီစဉ်တကျရေးဆွဲပြီး စနစ်တကျ စာတွေ့လက်တွေ့ ပို့ချပေးတာ တွေ့ရကြောင်း နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာကျော်သာထွန်းက သင်တန်းဆင်းပွဲ ကျေးဇူးတင်စကား၌ ပြောကြားသည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ သင်တန်းဆင်းပွဲကို ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်၊ ကြီးကြပ်ရေးမှူး ဦးကြည်မြင့်နှင့် သင်တန်းနည်းပြများ၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်သာထွန်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ယခုနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူ ၄၀ဝ ဦး လုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ် ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်က ၁၃၀ဝ ဦးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)
