ဘားအံ ၂၇ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်း၍ နည်းပညာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင် တက္ကသိုလ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီခွဲက အခမ်းအနားဖြင့် ကြေညာခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က နှုတ်ခွန်းဆက်စကား ပြောကြားကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ယနေ့ကျင်းပသည့် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာစိုင်းကျော်ခမ်းလောင်ဝ်က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Myanmar Medical Association လူငယ့်စေတမန်စီမံချက် လူငယ်များက “သိထားသင့်ပါတယ်” ကျန်းမာရေးအသိပညာပေး ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


