နေပြည်တော် အောက်တိုဘာ ၁၈

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တည်ဆောက်ရေးနှင့် စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများကို လျာထားရာတွင် လက်ရှိဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူအင်အား၊ Infrastructure နှင့် စံသတ်မှတ်ချက်များ အပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဘာသာရပ်အလိုက် လက်တွေ့ခန်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယင်းသို့ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် အသီးသီးတို့တွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ကျွမ်းကျင် တတ်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး လိုအပ်ပါ ကြောင်း၊ တက္ကသိုလ်များ၏ ဘာသာရပ်အလိုက် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနများ ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ မူဝါဒနှင့်ကိုက်ညီသည့် Projects များ/ သုတေသနများကို ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများတွင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များတွင် အရည် အသွေးအာမခံမှု (Accreditation) ရရှိနိုင်ရေးနှင့် Credit စနစ်ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် အခါ လက်မှတ်ရေးထိုးထားရှိပြီး သက်တမ်းဝင်နေဆဲဖြစ်သော နားလည်မှုစာချွန်လွှာ(MoU)၊ သဘောတူညီမှုစာချွန်လွှာ(MoA)များ နှင့် စီမံကိန်းများ၏ အကောင်အထည် ဖော်ဆောင်မှု အခြေအနေများကိုလည်း စိစစ်၍ အချိန်မီဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တစ်ဖက်အဖွဲ့ အစည်းနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် ရန်နှင့်စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန်ရှိပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီပြင်ဆင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ် များ၏ မျက်နှာစာ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအား ဂရုတစိုက်ဆောင်ရွက် ပေးစေလိုပြီး သင်ကြား/သင်ယူမှု ပတ်ဝန်းကျင်ကောင်းများ အစဉ်ဖြစ်နေစေရန် ကြိုးပမ်းဆောင်ရွက် စေလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက လုပ်ငန်းဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များက တက္ကသိုလ်များအလိုက် သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များအပြင် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးနှင့် ပညာသင်ဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မူဝါဒ၊ စီမံကိန်းနှင့်စာရင်းအင်း ဆိုင်ရာလုပ်ငန်းများ၊ အရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာဆန်းစစ်ရေး၊ တည်ဆောက်ရေးဆိုင်ရာစသည့် လုပ်ငန်းအားသာချက်များ၊ အားနည်းချက်များနှင့် စိမ်ခေါ်မှုများကို တင်ပြဆွေးနွေးကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး အစည်းအဝေးကို အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်