နေပြည်တော်၊ အောက်တိုဘာ ၁၉

 

နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ဒုတိယနေ့ ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း က နည်းပညာ တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီခင်က ကွန်ပျူတာတက္ကသိုလ်များအားလုံး၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကွန်ပျူတာ တက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင် က နေပြည်တော်နည်းပညာ တက္ကသိုလ်တွင် ဆောင်ရွက်ထားရှိသည့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိန်းကျော်က နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ အခြေခံအဆောက်အဦများ၊ သင်ထောက်ကူစက်ပစ္စည်းများပြည့်စုံလုံလောက်စေရေး ဖြည့်ဆည်းပေးခြင်းသည် အရေးကြီးကြောင်း၊ သင်တန်းနှင့် ကျောင်းသားရေးရာဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၌  ကျင့်သုံးဆောင်ရွက်နေသော လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်စေရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးနှင့် Kg+12 သင်ရိုးဖြင့် တက်ရောက်လာမည့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းနှင့်အတူ Credit System စနစ်ကျင့်သုံးရန် ပြင်ဆင် ထားရေးတို့ကိုမှာကြားသည်။

(သတင်းစဉ်)