နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားသို့ ပါဝင်တက်ရောက်ကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇၀ တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုပြသသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တို့နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဂန္ဓကုဋိတိုက်များ၊ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးနှင့် အခြားသာသနိက အဆောက်အဦများကို လေ့လာကြည်ညိုကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများသည် အမျိုးသားပြတိုက် (နေပြည်တော်) နှင့် လှေခွင်းတောင်သို့ သွားရောက် လေ့လာ၊ လည်ပတ် အပန်းဖြေကြသည်။
မွန်းလွဲပိုင်းတွင် Naypyitaw State Polytechnic University ရှိ ဘောလုံးကွင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်အင်ယာအသင်းနှင့် မျိုးဆက်ဟောင်းအင်ယာအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများ၊ ဆရာ ဆရာများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။
ညနေပိုင်းတွင် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်နှင့် Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိ သူများ၊ မျိုးဆက်ဟောင်းမှ အင်ယာနီယာ ပညာရှင်များ/ ကွန်ပျူတာ ပညာရှင်များ၊ အသင်းအဖွဲ့ များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်
Breaking News


