နည်းပညာတက္ကသိုလ်(မကွေး)၌ Science and Technology Fair 2018 ပြပွဲ၊ပြိုင်ပွဲပြုလုပ်

မကွေး   ၁၈  ဇန်နဝါရီ 

 

မကွေးမြို့နယ်၊ ကန်ပြားကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မကွေး)၌ ကျောင်းသူ၊ကျောင်းသားများ၏ အင်ဂျင်နီယာနည်းပညာဆိုင်ရာယှဉ်ပြိုင်မှု(၄၀)ခုပါဝင်သည့် Science and Technology Fair 2018 ပြပွဲ၊ ပြိုင်ပွဲအား ဇန်နဝါရီလ (၁၈) ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

“ ကျောင်းသူ၊ကျောင်းသားတွေ တစ်နှစ်တာသင်ယူထားတဲ့ပညာတွေကို သူ့အတန်းလိုက် ထိုက်တန်တဲ့ Project လေးတွေလုပ်ရတာရှိပါတယ်။ ခုပွဲက သူတို့ရဲ့အောင်မြင်မှု အသီးအပွင့်လေးတွေကို ယှဉ်ပြိုင်ခိုင်းတာပါ။ နည်းပညာ တက္ကသိုလ်အနေနဲ့ Bar Camp နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက Project တွေကို ပြသတဲ့အနေအထားပဲဖြစ်ပြီးတော့ ဒီနှစ်မှာ ပြပွဲရောပြိုင်ပွဲပါ လုပ်ပေးတာဖြစ်ပါတယ်” ဟု နည်းပညာတက္ကသိုလ်(မကွေး)ပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်က ပြောသည်။

 

ပြသယှဉ်ပြိုင်ရာတွင် Civil မေဂျာမှ(၁၈)ခု ၊ Electrical Power မေဂျာမှ(၈)ခု ၊ Electrical Communication မေဂျာမှ(၈)ခု ၊ Mechanical မေဂျာမှ(၆)ခု စုစုပေါင်း ပြသယှဉ်ပြိုင်မှု(၄၀)အနက်မှ အကောင်းဆုံး၃ခု(သို့)၄ခုအား ရွေးချယ်ပြီး အထက်မြန်မာပြည် နည်းပညာတက္ကသိုလ်များအဖွဲ့(မန္တလေးနည်းပညာတက္ကသိုလ်) နှင့် နေပြည်တော်အဆင့်များအထိ ယှဉ်ပြိုင် ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ ဒီလိုပြိုင်ပွဲတွေလုပ်ပေးခြင်းအားဖြင့် ပထမဆုံးရတာကတော့စည်းလုံးမှုပေါ့။ ကိုယ်တစ်ယောက်တည်းအားနဲ့ တင်မဟုတ်ဘဲ တိုင်ပင်ကြ၊ဆွေးနွေးကြ အမြင်လေးတွေဖလှယ်ကြတယ်။ တစ်ကယ်လုပ်ငန်းခွင်ထဲရောက်တဲ့အခါကျ ဘယ်လို အချက်လေးတွေက အရေးပါတယ်ဆိုတာ သိခွင့်ရလာတယ်။ လာကြည့်တဲ့ အတန်းငယ်တွေအနေနဲ့လည်း ငါတို့အလှည့်ကျ ဘယ်လိုမျိုးတွေလုပ်ကြမယ်ဆိုတဲ့ အတွေးမျိုးတွေရလာမယ် ”ဟု မကွေးနည်းပညာတက္ကသိုလ် 6th Year BE(Civil) ကျောင်းသူ မအိမြတ်ဖြူစင် က ဆိုသည်။

 

ယခင်က စာတွေ့ ၈၀ရာနှုန်း ၊လက်တွေ့ ၂၀ရာနှုန်း ပညာသင်ကြားသည့်ပုံစံသာဖြစ်ခဲ့သော်လည်း ပြောင်းလဲမှု တစ်ရပ်အနေဖြင့် စာတွေ့ ၆၀ရာနှုန်း ၊ လက်တွေ့ ၄၀ရာနှုန်းဖြစ်ရန် ဦးတည်သင်ကြားပေးနေကြောင်း ၊ ယခုလိုပြိုင်ပွဲမျိုးများက အမြဲတမ်းကျင်းပနေသင့်သည့်အရာဖြစ်ပြီး ကျောင်းသားကျောင်းသူများ၏အသီးအပွင့်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်တိုင် လာရောက်ကြည့်ရှုအသိအမှတ်ပြုပေးသည့်အတွက် လာမည့်နှစ်များတွင် ယှဉ်ပြိုင်လိုစိတ်များ ပိုမိုလာမည်ဟု ထင်မြင် ကြောင်း နည်းပညာတက္ကသိုလ်(မကွေး)ပါမောက္ခချုပ် တာဝန်ရှိသူက ပြောကြားသည်။

 

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နည်းပညာတက္ကသိုလ်များချိတ်ဆက်ဆောင်ရွက်သည့် Science and Technology Fair ပွဲများကို ကျောင်းသားတစ်ဦးအနေဖြင့် ကြိုဆိုပါကြောင်း ၊ Project များကို ပြိုင်ဆိုင်ခြင်းမှတစ်ဆင့် အင်ဂျင်နီယာ ပညာရပ်၏ လက်တွေ့လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေကြောင်း မြို့ပြအင်ဂျင်နီယာဌာန၊ နောက်ဆုံးနှစ်ကျောင်းသား ကိုချစ်ဝင်း မောင်၏ ပြောပြချက်အရ သိရသည်။

 

ဇေယျတု(မကွေး)