ရန်ကုန် မေ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ပြည်နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မအူပင်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၊ နည်းပညာ တက္ကသိုလ်(မော်လမြိုင်)၊ နည်းပညာတက္ကသိုလ်(မကွေး)၊ နည်းပညာတက္ကသိုလ် (မိထ္ထီလာ)၊ နည်းပညာ တက္ကသိုလ်(ရမည်းသင်း)၊ နည်းပညာတက္ကသိုလ်(ဘားအံ)၊ နည်းပညာတက္ကသိုလ်(လားရှိုး)၊ နည်းပညာတက္ကသိုလ် (ပင်လုံ)၊ နည်းပညာတက္ကသိုလ်(မြိတ်)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)၊ ကွန်ပျူတာတက္ကသိုလ်(မိထ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ ကွန်ပျူတာ တက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)နှင့် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)တို့၌ ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘွဲ့နှင်းသဘင်အခမ်းအနားများကို ကျင်းပကြသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Video Message ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နည်းပညာတက္ကသိုလ် (၁၆)ကျောင်းနှင် ကွန်ပျူတာ တက္ကသိုလ် ခုနှစ်ကျောင်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်ယူ တတ်မြောက် အောင်မြင်ခဲ့ကြသူများကို ဘွဲ့လက်မှတ်များအပ်နှင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အင်ဂျင်နီယာမဟာဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ကွန်ပျူတာ ဒီပလိုမာဘွဲ့ရရှိသူများကိုလည်း ဘွဲ့လက်မှတ်များအပ်နှင်း သွားမည်ဖြစ်ကြောင်း။
သိပ္ပံနှင့် နည်းပညာဘာသာရပ်များသည် လျှင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိပြီး ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်တတ်မြောက်မှု (Digitalization)သည် လူတစ်ဦးချင်းစီ၊ လုပ်ငန်းကဏ္ဍနှင့် ဒေသဆိုင်ရာ အောင်မြင်မှု များအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ရပ်အဖြစ် နေရာယူလျက်ရှိပါကြောင်း၊ ICT နည်းပညာကျွမ်းကျင်စွာအသုံး ပြု၍ ပညာရေး၊ သုတေသနနှင့် သိပ္ပံနှင့်နည်းပညာနယ်ပယ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင် ကြရန်လိုအပ်ပါကြောင်း၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာပညာရှင်ကောင်းများ လိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်းရန်လိုအပ်သည့်နည်းတူ လုပ်ငန်းခွင်စည်းကမ်း၊ ရပ်ရွာစည်းကမ်းနှင့် ပြည်သူ့နီတိများကို လေးစား လိုက်နာပြီး စံနမူနာယူထိုက်သော အင်ဂျင်နီယာပညာရှင်၊ ကွန်ပျူတာပညာရှင်များ ဖြစ်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းလျက် ယနေ့ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် ဘွဲ့ယူမည့်မောင်မယ်များကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားများကို ကျင်းပရာ နည်းပညာတက္ကသိုလ်များတွင် မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ (၆၁) ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ (၆၇၄)ဦး၊ ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ (၁၃၄)ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၅) ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၈၇၄)ဦးတို့ကို တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ ဘွဲ့နှင်းသဘင် မိန့်ခွန်းများ မြွက်ကြားခဲ့ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်)တို့သည် နိုင်ငံတကာအသိ အမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော်ကျင့် သုံးလျက်ရှိပြီး တက္ကသိုလ်များ၏ အရည်အသွေး အာမခံမှုနှင့်ပတ်သက်၍ အာဆီယံတက္ကသိုလ်များကွန်ယက် ASEAN University Network Quality Assurance (AUN-QA)၏ Associate Membership တက္ကသိုလ်များဖြစ် ကြောင်း၊ ယနေ့ ဘွဲ့နှင်းသဘင်ကျင်းပခဲ့သည့် နည်းပညာတက္ကသိုလ်များတွင် အရည်အသွေးပြည့်ဝသော သင်ကြား၊ သင်ယူမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အင်ဂျင်နီယာပညာရေးစံများ နှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး အရည် အသွေး စိစစ်အသိအမှတ်ပြုရေးကော်မတီ၏ ပဏာမ အသိအမှတ်ပြုလက်မှတ်နှင့် အာရှနှင့်ပစိဖိတ်ဒေသအတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း(Federation of Engineering Institutions of Asia and P acific(FEIAP)၏ အသိအမှတ်ပြုလက်မှတ်များဖြင့် အရည်အသွေးစီစစ်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များသည် ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ် ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LSM) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျှင်မြန် ထိရောက်အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ကျင်းပပြုလုပ်သော ဘွဲ့နှင်းသဘင်အခမ်းအနားများသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘွဲ့ယူမည့်မောင်မယ်များနှင့် ၄င်းတို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)
ဓာတ်ပုံ - ကနူး