ရန်ကုန် ဧပြီ ၄
နံရံဆေးရေးမင်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သရဖီဆောင်ရှိ စာကြည့်တိုက်ခန်းမ၌ ကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစိန်ဝင်း၊ ဘာသာရပ်ဌာန များမှ ပါမောက္ခ/ဌာနမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နံရံဆေးရေးမင်စာများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းရာတွင် အဓိကအရေးပါသော ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများ၊ စာပေပညာရှင်များ၊ ဝါသနာရှင်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သည့် နံရံဆေးရေးမင်စာအကြောင်း သိရှိစေရန်၊ ရှေးဟောင်း အမွေအနှစ်များဖြစ်သည့် ကျောက်စာ၊ နံရံပန်းချီတို့၏ အရေးအသားများ သိရှိစေရန်နှင့် အနုပညာလက်ရာများ သိရှိစေရန်၊ လေ့လာသိရှိရသော အနုလက်ရာများကို သုတေသနပြုပြီး မျိုးဆက်သစ် အနုပညာရှင်များအား လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဆရာကြီး ဦးစိန်ဝင်းက နံရံဆေးရေးပန်းချီနှင့် မင်စာများကို သိရှိနိုင်စေရန်အတွက် ပထမဦးစွာ ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံ၊ ခေတ်အဆက်ဆက် ကျောက်စာ အရေးအသားများကို သိရှိရန် လိုအပ်ကြောင်းနှင့် ရေးသားနည်း ပြောင်းလဲလာပုံများကို ပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းကို ဧပြီ ၄ ရက်မှ ၆ ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ တက္ကသိုလ်ရှိ ဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


