ပွင့်ဖြူ ၁၇ ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ နန်းတော်ကျွန်းကျေးရွာ ရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို မေလပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုများကို ယနေ့နံနက် ၉ နာရီအချိန်က ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါကျေးရွာရှိ စာကြည့်တိုက်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် အသုံးစရိတ်များကို ကျေးရွာသူကျေးရွာသားများအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။

 

1


ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀ဝ ၊ ပြည်သူများ၏ လုပ်အားထည့်ဝင်မှုဖြင့် ပေါင်ချောင်ကျေးရွာအဝင်လမ်း အရှည် ၃၅၆၀ ပေ၊ အကျယ် ၁၂ ပေ မြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်းလုပ်ငန်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ် ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြသည်။


ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ပွင့်ဖြူမြို့နယ်အတွင်း နန်းတော်ကျွန်းကျေးရွာအပါအဝင် ကျေးရွာ(၁၄)ရွာ၌ စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း (၁၄၀ဝ)၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုများဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းရှစ်ခု၊ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်း လေးခု၊ ကျေးလက် ကုန်ထုတ်လမ်းမြေနီခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။       

စိုးမိုးကျော်