ဗန်းမော် ၂၀ အောက်တိုဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ညအချိန်တွင် မောင်းနှင်လာသော (၆)ဘီးယာဉ် အနီရောင်သည် ဗန်းမော်မြို့ သာစည်ရပ်ကွက် ဂေါ်ရာကန်ထိပ်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ပလက်ဖောင်းကို တိုက်မိပြီး ဂေါ်ရာကန်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၁၀ နာရီခန့်က ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ လက်ပန်းတန်းလမ်းအတိုင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘက်မှ နတ်ကြီးစင် လမ်းဆုံဘက် (အရှေ့မှ အနောက်)သို့ ယာဉ်မောင်း ဇွဲထက်ရန်(၂၆)နှစ်၊ ညောင်ပင်ရပ်ကွက်နေသူ မောင်းနှင်လာသော MDY 9I/....... နံပါတ်ပါ ဖော်လန်အမျိုးအစား(၆)ဘီး အနီရောင်ယာဉ်သည် ဂေါ်ရာကန်ထိပ်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ပလက်ဖောင်းကို တိုက်မိပြီး ဂေါ်ရာကန်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း၊ ယာဉ်တိမ်းမောက်မှုဖြစ်ပွားသည့် နေရာသို့ အမှတ် (၁ဝဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဗန်းမော်)မှ ဒုရဲအုပ် ဆွေချစ်ကိုနှင့် တပ်ဖွဲ့ဝင်များ၊ သာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတူးမိုင်တို့က သွားရောက်စစ်ဆေးခဲ့ရာ လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်နေ့က ယာဉ်အား မဆင်မခြင် အရှိန်ပြင်းစွာ လမ်း၏ ယာဘက်ဘေးပလက်ဖောင်းကို ဝင်ရောက်တိုက်မိပြီး ဂေါ်ရာကန် အတွင်းသို့ ပြုတ်ကျအောင် မောင်းနှင်သူ ယာဉ်မောင်း ဇွဲထက်ရန်အား ဗန်းမော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)