ညောင်တုန်း ၁၆ ဖေဖော်ဝါရီ
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဘက် (ရန်ကင်းစံရာကျေးရွာ)တွင် သဘာဝသဲသောင်ပြန့် ပေါ်ထွန်းလျက်ရှိပြီး အပန်းဖြေစရာ (ညောင်ချောင်းသာ) ကမ်းခြေသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကစ၍ ပေါ်ပေါက်လျက်ရှိရာ လူသိများ ထင်ရှားလာသော အပန်းဖြေကမ်းခြေ (ရေချိုးဆိပ်)တစ်ခု နေရာဖြစ်သည်။

ယခင်နှစ်များထက် မတူညီဘဲ ကမ်းခြေသို့ ကားတိုက်ရိုက်ဆင်းနိုင်အောင် ကျယ်ပြန့်သော သဲသောင်ပြန့်ပေါ်တွင် ရေကစားနိုင်အောင်၊ ဘေးအန္တရာယ်ကင်းအောင် အစီအမံများဖြင့် စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ကမ်းခြေကားရပ်နားခွင့်၊ လူ၀င်ကြေးနှင့် ကမ်းခြေ၊ နားနေခန်း၊ ထိုင်ခုံခများနှင့် စားဖွယ်ရာများကိုလည်း အသက်သာဆုံး စျေးနှုန်းချိုသာမှုများဖြင့် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ယခုလာမည့်လအတွင်းမှာ စည်စည်စည်ကားကား ဖွင့်လှစ်သွားနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း လာရောက်အပန်းဖြေသူများ အန္တရာယ်ကင်းဝေးအောင်၊ အစစအဆင်ပြေအောင်၊ လုံခြုံရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေး သန့်ရှင်းရေးများကိုလည်း စနစ်တကျ ဆောင်ရွက်ထားကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးအောင်နိုင်က ပြောသည်။
“၂ဝ၁၃ ခုနှစ်ကတည်းထဲက စတင်ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကားလျက်ရှိပါတယ်၊ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူ ပိုမိုများပြားလာပြီး ဒီနှစ်မှာလည်း ကမ်းခြေသို့ လာရောက်အနားယူ လည်ပတ်သူများ၊ ကမ်းခြေအထိ ကားတိုက်ရိုက်ဆင်းလို့ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ဘေးအန္တရာယ်မရှိနိုင်အောင် ညီညာကျယ်ပြန့်တဲ့ သဲသောင်ပြန့် အကျယ်ပေ ၅၀၀ ကျော်လောက် ကျယ်ပြန့်တဲ့ရေပြင်ပေါ်တွင် ရေကစား ကူးခတ်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်ကွပ်ကဲရေးစခန်းမှလည်း ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် သတိပေးနှိုးဆော် အသိပေးကြေညာခြင်းမျာဖြင့် ဘေးကင်းလုံခြုံအောင် အစီအမံများဖြင့် သက်သောက်သက်သာ အနားယူနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ယခင်နှစ်တွေက အတွေ့အကြုံတွေထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကျွန်တော်တို့ကော်မတီက ဖြည့်စွက်စီစဉ် ဆောင်ရွက်ထားပါတယ်”ဟု ညောင်ချောင်းသာကမ်းခြေ ကြီးကြပ်တာ၀န်ခံ ဒုဦးစီးမှူး(စည်ပင်သာယာ) ဦးသန်းကျော်က ရှင်းပြသည်။
ယခုနှစ်တွင် သဘာဝသဲသောင်ပြန့်ကမ်းခြေမှာ ပေ(၅၀၀)ခန့် ကျယ်ပြန့်သော သဲသောင်ပြန့်မြေပေါ်တွင် အရန်အသင့် စားသောက်ဖွယ်ရာ ဆိုင်ခန်း(၅ဝ)နေရာ အဆောက်အဦးငယ်များအား စနစ်တကျ သက်သောင့်သက်သာ ကောင်းမွန်စွာ အနားယူနိုင်အောင် ဆိုင်ခန်းနေရာများ စီစဉ်ဆောက်လုပ်ပေးထားကြောင်း သိရသည်။
အဆိုပါ အပန်းဖြေနေရာသည် ဧရာဝတီမြစ်ပြင်မှ တိုက်ရိုက်သန့်ရှင်း လတ်ဆတ်သောလေ (လေကောင်းလေသန့်)ကို ထိတွေ့ရှုရိူက်ခွင့်ရရှိပြီး သဲသောင်ပြန့်ပေါ်တွင် (ရေချို) ကူးခတ်ကစားနိုင်၍ ဘောကွင်းများစီးလျက် အပန်းဖြေအနားယူနိုင်ကာ သန့်ရှင်းသော ဒေသထွက်ဖရဲသီး၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ အစားအသောက်များနှင့် အအေးမျိုးစုံတို့ကိုလည်း နှစ်သက်ရာ မှာယူစားသောက်နိုင်ကြောင်း သိရသည်။
ချောင်းသာ၊ ငွေဆောင်ကဲ့သို့ ကုန်ကျစရိတ်မများလှဘဲ အချိန်တိုအတွင်း သွားရောက်အပန်းဖြေနိုင်သည့် အဆိုပါရေချိုးဆိပ် (ညောင်ချောင်းသာ) ကမ်းခြေသို့ ညောင်တုန်းမြို့ ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများနှင့် ရန်ကုန်မြို့မှ အများပြည်သူများ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ စတင်လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်မကြီးမှ သန့်ရှင်းလတ်ဆက်သော လေကောင်းလေသန့်ကို ရေချိုပေါ်မှ တိုက်ရိုက်ထိတွေ့ ရှုရှိုက်ခွင့်ရသည့်အတွက် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး စိတ်လန်းဆန်းကာ ရေလွှာလျှော်စီးခြင်းဖြင့် လတ်ဆတ်သော လေရူရှိုက်ရသည့် စိတ်ခံစားမှုကို ရရှိအနားယူနိုင်သော နေရာတစ်ခုဖြစ်သည်။
ညောင်ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများအနေဖြင့် ပန်းလှိုင်မြစ်ထိပ် ဧရာဝတီမြစ်ကမ်းခြေ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့၏ သဘာဝအလှအပ ရှုခင်းမျိုးစုံကို တွေ့မြင်ခံစားရင်း ဧရာဝတီမြစ်ပြင်ကျယ်မှ ဖြတ်သန်းတိုက်ခတ်လာသော သဘာဝလေကောင်းလေသန့်များကို ရှုရှိုက်နိုင်သဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ဧရာဝတီမြစ်ကမ်းဘေးကျယ်ဝန်းသော သဲသောင်ပြင်ကြီးပေါ်တွင် ပြေးလွှား၊ ဘောကန်၊ ခြင်းခတ်၊ ရေကူး၊ လှိုင်စီး၊ ရေချိုးအပန်းဖြေနိုင်သဖြင့် အလုပ်နားရက်များ၊ ရုံးပိတ်ရက်များ၊ ကျောင်းပိတ်ရက်များတွင် ခရီးစရိတ်သက်သာစွာဖြင့် လာရောက် အပန်းဖြေရန် အဆင်ပြေကြောင်း သိရှိရသည်။
အပန်းဖြေကမ်းခြေတွင် ဒေသထွက်လတ်ဆတ်သော ဖရဲသီး၊ အုန်းသီး၊ ငါးကင် ငါးကျော်၊ ပုစွန်ထုတ်ကင်၊ ပုစွန်ထုတ်ကျော်၊ ကြက်ကင် ကြက်ကြော်၊ ငါးရံ့ခြောက်ဖုတ် အပါအဝင် စားသောက်ဖွယ်ရာမျိုးစုံကိုလည်း စိတ်ကြိုက်ဝယ်ယူ စားသောက်နိုင်သည့်အပြင် အပြန်ခရီးတွင် ညောင်တုန်းမြို့ပေါ် ပတ်ဝန်းကျင်ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီဖြစ်သည့် အတုလမာရဇိန်သွန်းဘုရား၊ မိုးဟုတ်စေတီတော်၊ ဥသျှစ်လျှဘုရားနှင့် နိုင်ငံအေးဘုရားကြီး စသည့် တန်ခိုးကြီးဘုရားများသို့ ဝင်ရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ (၃၄)မိုင်သာကွာဝေးပြီး အပန်းဖြေလည်ပတ်မည်ဆိုပါက လှိုင်သာယာ(ဒဂုံဧရာ) အဝေးပြေးဂိတ်ရန်ကုန်မြို့မှ အချိန်တို တစ်နာရီအတွင်း(နေ့ခြင်းပြန်) သက်သောက်သက်သာ၊ အကုန်အကျနည်းပြီး လာရောက်လည်ပတ်နိုင်သော အပန်းဖြေအနားယူစရာ နေရာတစ်ခုဖြစ်ကြောင်း လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်တင်ပြရေးသားလိုက်ပါသည်။
ထွန်းကျော်(ညောင်တုန်း)