ကျောက်ပန်းတောင်း  ၂၇  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ညောင်ချိုင်းအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ရာ ယနေ့ ၁၀ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်၍ အရေးပေါ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ညောင်ချိုင်းကျေးရွာအုပ်စုရှိ ညောင်ချိုင်း(မ)ကျေးရွာ၊ ညောင်ချိုင်း(တ)ကျေးရွာနှင့် ကင်မွန်းခြုံကျေးရွာတို့တွင် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများကြွေကျမှုတို့ကြောင့် ညောင်ချိုင်း(မြောက်)ကျေးရွာတွင် ဘုန်းတော်ကြီး ကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၄၅)လုံး၊ ညောင်ချိုင်း(တောင်)ကျေးရွာတွင် လူနေအိမ်(၆)လုံးနှင့် ကင်မွန်းခြုံကျေးရွာတွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ လေဘေးသင့် ကျေးရွာများအနက် ပျက်စီးမှုများပြားခဲ့သည့် ညောင်ချိုင်း(မြောက်)ကျေးရွာသို့ ကျောက်ပန်းတောင်း တပ်နယ်မှ နယ်မြေခံတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပျက်စီးမှုအခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သည့် အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေကျပ် ၄၈၅၈၉၀၀ ကျပ်ကို လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)