ညောင်လေးပင် ၂၈ ဇန်နဝါရီ
ပဲခူတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်ဒေသ ဂျောင်းတာကျေးရွာတွင် ယမန်နှစ်ထက် ပဲတီစိမ်းအထွက် ကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ရွာမှထွက်ရှိသော ပဲများကို ရွာမှာရောင်းလျှင် တစ်တင်းကို ၄၀၅၀ဝ ကျပ်ရပြီး မြို့ပေါ်ရှိပဲဒိုင်များသို့ အရောက်ပို့လျှင် တစ်တင်းလျှင် ငွေကျပ် ၄၁၅၀ဝ ဈေးရကြောင်း၊ ယမန်နှစ်က ငွေကျပ် ၃၄၀ဝ၀ သာ ဈေးရကြောင်း၊ ကျေးရွာရှိလယ်မြေများ၏ ပုံမှန်ထွက်နှုန်းမှာ တစ်ဧက ၁၅ တင်းမှ တင်း ၂၀ ထိသာ ထွက်ရှိပြီး ယခုနှစ်တွင် ၂၀ မှ ၂၅ တင်းထိထွက်ရှိကြောင်း ၅ ဧကစိုက်ပြီး တင်း ၁၀ဝ ထွက်သူရှိသလို ၁၃ ဧကစိုက်ပြီး တင်း ၃၀ဝ ကျော် ထွက်သူလည်းရှိကြောင်း၊ အထွက်နှုန်းရော ဈေးနှုန်းပါကောင်းသည့်နှစ်မို့ ဝမ်းသာကြောင်း တောင်သူ ဦးဇော်မင်းထက်က ပြောသည်။

မဒေါက်ဒေသတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်းကို အဓိကထား စိုက်ပျိုးပြီး မတ်ပဲ၊ချက်မဲနှင့် ပဲဖြူလေးကိုလည်း စိုက်ပျိုးကြသည်။ မဒေါက်မြို့နှင့် ဒေသအတွင်းရှိ ကျေးရွာ များတွင်လည်း ပဲတီစိမ်းများ ရိတ်သိမ်းလျက်ရှိပြီး ထွက်ရှိသောပဲများကို ပြွန်တန်ဆာမြို့နှင့် ဒိုက်ဦးမြို့ရှိ ပဲဒိုင်များသို့ သွားရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)