ညောင်လေးပင် ၁၂ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ်များအား ကုသိုလ်တော်အဖွဲ့မှ ကြီးမှူး၍ စနေနေ့တိုင်း အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိရာ အောက်တိုဘာ ၁၂ ရက် နံနက် ၄ နာရီခွဲက ဆွမ်းသိမ်းပွဲဖြစ်၍ စာရေးတံမဲများထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ကုသိုလ်တော်အဖွဲ့သည် ဝါတွင်းကာလတစ်လျှောက်လုံး စနေနေ့တစ်ပတ်လျှင် ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူနိုင်ခဲ့ရာ ယနေ့သည် ဝါတွင်းကာလနောက်ဆုံးပတ် ဆွမ်းသိမ်းပွဲ လောင်းလှူခြင်းဖြစ်၍ စာရေးတံမဲများ ထည့်သွင်း မဲဖောက်လှူဒါန်ခဲ့ပြီး မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များ၏ စုပေါင်းပါဝင်လှူဒါန်းမှူကြောင့် ငွေကျပ် သိန်း ၈၀ ကျော်ခန့် စာရေးတန်မဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူနိုင်ခဲ့ကြောင်း ကုသိုလ်တော်အဖွဲ့မှ ဦးဆောင်ကျင်းပသူ ဦးနိုင်မျိုးထံမှ သိရသည်။
အဆိုပါဆွမ်းသိမ်းပွဲလောင်းလှူရာသို့ မြို့နယ်အတွင်းရှိ ပင့်ဖိတ်ထားသော ဘုန်းတော်ကြီးကျောင်းများထဲမှ ညောင်လေးပင်မြို့မှ ၃၆ ကျောင်း၊ ပြွန်တန်ဆာမြို့မှ ၁၆ ကျောင်း၊ မဒေါက်မြို့မှ ၁၂ ကျောင်းနှင့် ပိန်းဇလုပ်မြို့မှ ၃ ကျောင်းတို့ရှိ သံဃာတော်အရှင်သူမြတ် ၇၂၀ ပါးနှင့် သီလရှင် အပါး ၃၀ ခန့် ကြွရောက်တော်မူကြသည်။

ညောင်လေးပင်မြို့ပေါ်တွင် ဝါတွင်းဝါပ ကာလတစ်လျှောက်လုံး လမ်းရပ်ကွက်အသီးသီး၌ နေ့အလိုက်ဆွမ်းလောင်းရုံများမှ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိပြီး ကုသိုလ်တော်အဖွဲ့မှကြီးမှူး၍ ဗိုလ်ချုပ်လမ်းရှိ တရုတ်ဘုံကျောင်းရှေ့ ယာယီမဏ္ဍပ်၌လည်း နှစ်စဉ်လောင်းလှူလျက်ရှိရာ ယခုနှစ်တွင် နဝမအကြိမ်မြောက် လောင်းလှူခြင်းဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)