ပိန်းဇလုပ် ၆ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်-တော်ဝိဒေသကြားရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းအား တာဝန်ရှိသူများက အမြန်ပြန်လည်ပြုပြင်ခဲ့ရာ ယနေ့နံနက် ၈ နာရီတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းအား မြန်မာ့မီးရထား(ရုံးချုပ်) နေပြည်တော်မှ အထွေထွေမန်နေဂျာ(သွား/လာ) ဦးအောင်မြင့်လှိုင် ဦးစီးကာ နယ်မြေခံတပ်မတော်သားများ၊ ရထားရဲတပ်ဖွဲ့ (ညောင်လေးပင်)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာ့မီးရထား တိုင်းအမှတ်(၆) ရန်ကုန်အင်ဂျင်နီယာဌာန လုပ်သား ၅၄ ဦးတို့က အချိန်မီ ပြုပြင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး မီးရထားလမ်း မိုင်တိုင်(၉၈/၄ နှင့် ၅)ကြားရှိ တံတားမှာ ဩဂုတ် ၄ ရက်က ရေတိုက်စား ခံရခြင်းကြောင့် မြေသားများမျောပါသွားခဲ့သဖြင့် ပြုပြင်မှုများဆောင်ရွက်နေစဉ် အတောအတွင်း ရထားများ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်နားခဲ့ရာမှ ယခုအခါပြုပြင်ပြီးဖြစ်၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

သတင်းနှင့် ဓာတ်ပုံ-ပိန်းဇလုပ်သိန်းညွန့်