ညောင်လေးပင် ၂၉ ဇန်နဝါရီ
နွေစပါးကို ကောက်စိုက်စက်ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စမ်းချောင်းကျေးရွာ ဦးဟံမောင်လယ်ကွင်း၌ ကျင်းပရာ စက်မှုလယ်ယာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး စပါးပျိုးထောင်ပုံအဆင့်ဆင့်အား လက်တွေ့ ရှင်းလင်းပြသသည်။ ထို့နောက် စက်မှုကျွမ်းကျင်-၄ ဦးအောင်သူရမင်းက ကောက်စိုက်စက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကွင်းအတွင်း လက်တွေ့မောင်းနှင် စိုက်ပျိုးပြသသည်။
ကောက်စိုက်စက်ကို အသုံးပြုစိုက်ပျိုးမည်ဆိုပါက တစ်ဧကကို မျိုးစေ့ ရှစ်ပြည်မှ ၁၀ ပြည်ခန့်သာ ကုန်ကျသဖြင့် မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ လုပ်အားခသက်သာခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ လေဝင် လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း စသည့်ကောင်းကျိုးများ ရရှိကြောင်း၊ ခြောက်တန်းသွား ကောက်စိုက်စက် တစ်စီး၏တန်ဖိုးမှာ လက်ငင်းဈေး ငွေကျပ် ၂၀၃၇၀ဝ၀ဝ ဖြစ်ပြီး သုံးနှစ်လေးရစ်ဆပ် အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ရန်ချိတ်ဆက် ဆောင်ရွက်ပေးကြောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးလိုသူ တောင်သူများအနေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်နှင့် စက်မောင်းသမား အသုံးပြု၍ တစ်ဧကလျှင် ငွေကျပ် ၂၅၀ဝ၀ ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သက်လွင် (ညောင်လေးပင်)


