ညောင်လေးပင် ၁ အောက်တိုဘာ
ရဲနွယ်ဆည်ရေသောက်စနစ်အတွင်း ရေပေးတူးမြောင်းများ ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ရက် မွန်းလွဲ ၁နာရီက ညောင်လေးပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းသေးဒသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၁)ညွှန်ကြားရေးမှူး ဦးအောင်မြင့် တို့က အမှာစကား အသီးသီးပြောကြားကြသည်။
ထို့နောက် ၀န်ကြီးနှင့်တာဝန်ရှိသူများက ရဲနွယ်ဆည်ရေသောက်စနစ်အတွင်း ရေပေးတူးမြောင်းများ ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် နဘဲပင်၊ကုန်းအင်း၊ ရေဆုံး၊ ကြံဘိုကျေးရွာအုပ်စု လေးစုရှိ တောင်သူ ၁၆၀ဦး၊လယ်ဧက ၁၃၅ ဒဿမ ၆၂ဧက အတွက် တစ်ဧကလျင် ၁၅သိန်းကျပ်ဖြင့် ငွေကျပ် သိန်း ၂၀၀၀ ကျော် (၂၀၃ ဒဿမ ၄၃သန်း) လယ်ယာမြေလျော်ကြေးငွေများပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အဆိုပါ ရဲနွယ်ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တည်ဆောက်ရေး (၁)မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၁၇ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အားလုံးပြီးစီးမှာဖြစ်ပြီး အဆိုပါစီမံကိန်းပြီးစီးပါက လယ်ဧက ၆၂ဝ၀၀ အား ရေပေးဝေနိုင်မည်ဖြစ်ကြောင်းသိရသည်။
နေလင်း(ညောင်လေးပင်)



