ညောင်လေးပင် ၂၀ ဖေဖော်ဝါရီ
၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်ထားကြသော ညောင်လေးပင်မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကာ ပြင်ပမှ ဖြေဆိုသူများသည် မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။
ယခင်နှစ်က စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ၄၁၃၈ ဦးရှိခဲ့ပြီး ယခုနှစ် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ၄၆၀၅ဦးရှိကြောင်း ယခင်နှစ်က မြို့နယ်အတွင်း စာစစ်ဌာန ရှစ်ခုဖြင့် ကျင်းပခဲ့ပြီး ယခုနှစ်တွင် အထက၊ တော်ဝိစာစစ်ဌာနတစ်ခုတိုး၍ စာစစ်ဌာနကိုးခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


