ရန်ကုန် ဖေဖော်ဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ဆပ်သွားတော-ညောင်နှစ်ပင်လမ်းမှ ညောင်နှစ်ပင် ကျေးရွာနှင့် ကြာကန်စုကျေးရွာချင်းဆက် ချောင်းကူးတံတား တည်ဆောက်မည့် လုပ်ငန်းခွင်ကို လည်းကောင်း၊ အထူးဇုန်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်ထားရှိမှု၊ ဘူး၊ ဖရုံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်(၂)ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဇုန် (၁၊၂၊၃)တို့မှ ဇုန်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်နေသည့် မြေကွက်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်များ၊ ဇုန်အတွင်း လမ်းညွှန်ချက်အရ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်က ညောင်နှစ်ပင်ဇုန်အတွင်း မြေအလွတ် မထားဘဲ ဝင်ငွေရလမ်း ပိုမိုတိုးတက်ရရှိစေရန် ခြံပိုင်ရှင်များအား ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ ညောင်နှစ်ပင်ဇုန်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ်ထွန်းနေသော ဇုန်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်၍ တာဝန်ရှိသူများ ပူးပေါင်း၍ လုပ်ငန်းများကို ကဏ္ဍအလိုက် စနစ်တကျကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်(၂)ရှိ EAST WEST SEED MYANMAR Co. Ltd. ၏ မျိုးစေ့ထုတ် လုပ်ငန်းခွင်ကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ C 12 လမ်း ကွန်ကရစ်ခင်းပြီးစီးမှုလုပ်ငန်းခွင်ကို လည်းကောင်း၊ လမ်းအထူးအဖွဲ့(၁၄)၏ ခရိုင်ချင်းဆက် အမှတ်(၁)လမ်းမှ ညောင်နှစ်ပင်ညီလာခံ ခန်းမဆောင်သို့ အရှည်ပေ ၁၃၀၀၊ အကျယ် ၄၈ ပေ ကွန်ကရစ်ခင်းခြင်း၊ အဝင်မုခ်ဦး ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန၏ ဆိတ်မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)