ညောင်ဦး ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၉၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၂၉ စင်တီမီတာသာ လိုတော့ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဩဂုတ် ၂၈ ရက် ညနေပိုင်းက ညောင်ဦးမြို့နယ်၌ မြစ်ရေအမှတ်မှာ ၂၀၈၆ စင်တီ မီတာရှိခဲ့ကာ ၂၉ ရက် နံနက်တွင် ထပ်မံမြင့် တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရန် တဖြည်းဖြည်းနီးလာခြင်းဖြစ်သည်။

ထို့ကြောင့် မြစ်ကမ်းဘေးနေပြည်သူများ ရေဘေးအသိ သတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းကာ မြစ်ရေကြီးမှုအခြေအနေ၊ မြစ်ရေကျမှုအခြေအနေများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိသလို မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်အတွင်း စက်လှေများဖြင့်လှည့်လည်ပြီး မြစ်ကမ်းဘေးနေပြည်သူများအား အသံချဲ့စက်ဖြင့် ကြေညာပေး၍ မြစ်ရေကြီးမှုအခြေအနေဆိုင်ရာ သတိပေးနှိုးဆော်မှုများ ပြုလုပ်နေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်မင်းသူက ပြောကြားသည်။

ညောင်ဦးမြို့နယ်၌ မြစ်ရေတိုင်းတာခြင်း များကို လက်ရှိအချိန်တွင် တစ်နေ့သုံးကြိမ် တိုင်းတာလျက်ရှိပြီး စိုးရိမ်ရေမှတ်ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းတာသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)