ဆားလင်းကြီး ၁၄ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်တိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မေ ၁၄ ရက် နံနက် ၁၀ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် သိန်း ၅၀၀ ကျော်ကို သတ္တမအကြိမ်မြောက် စနစ်တကျ ထုတ်ချေးပေးလျက်ရှိရာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်ကညောင်ပင်တိုကျေးရွာမှာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ  ကြီးကြပ်မှုကော်မတီက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆၀ ဦးအတွက် ငွေကျပ် ၃၃၂၂၀၀၀၀၊  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၁ ဦးအတွက်  ငွေကျပ် ၂၀၅၈၀၀၀၀ စုစုပေါင်း  ၂၆၁ ဦးအတွက်  ငွေကျပ် ၅၃၈၀၀၀၀၀ ကို သတ္တမအကြိမ်မြောက်အဖြစ် ထုတ်ချေးပေးခြင်း ဖြစ်ပါတယ်။ COVID-19 ရောဂါ  ဖြစ်ပွားနေသည့် ကာလဖြစ်တဲ့အတွက်ကြောင့် လူစုလူဝေးမဖြစ်ပေါ်စေဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ချေးငွေများကို စနစ်တကျ ထုတ်ပေးနိုင်ရေး၊ လုပ်ငန်းများ စနစ်တကျ  ဖြစ်စေရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှုရှိရေး ဆောင်ရွက်လျက်ရှိပါတယ်ဟု ပြောကြားသည်။

 

ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒူးထောက်၊ ထန်းပု၊ တုံရွာမ၊ ထန်းတော၊ သာယာကုန်း၊ ညောင်ပင်တို၊ မတောင့်တ၊ ဘိုက်သရက်၊ ရွှေသမင်၊ ရွာသစ်ကုန်း၊ ကျွဲခိုတော၊ ကံကြီးတော၊ ရေမိန်() ရုံးပင်ရိုး၊ ဇီးပဏီ() ဇီးပဏီ() ညောင်ပင်သာ၊ဆုံတား၊ ကျိုင်းခမောက်၊ ချောင်းရိုး၊ ဖလံကန်၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်ကိုင်း၊ လင်းစားကျက်၊ တရား၊ မကျီးတန်း၊ ရွှေချမ်းသာ၊ ဇီးချိုင့်၊ တဲကြီးကျေးရွာနှင့် ဆားခါးကျေးရွာနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့်အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ကို  ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့်    ထူထောင်ပေးထားကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)