ညောင်ရွှေ (သို့မဟုတ်) မိုင်းယောင်ဝေမြို့ဟောင်း

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

 

ညောင်ရွှေမြို့သည် ရှေးယခင်မြန်မာ ဘုရင်များလက်ထက်အခါကပင် ထင်ရှားကျော်ကြားခဲ့သော မြို့ဟောင်းတစ်မြို့ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ညောင်ရွှေမြို့သည် “ရှမ်းပြည်အစ မိုင်းမောက” ဟူသော စကားရပုဂံခေတ်မှ ပထမအင်းဝခေတ်အထိ မိုင်းမောဒေသမှ အစပြု၍ တဖြည်းဖြည်း ထွန်းကား တိုးတက်လာခဲ့သော (၁) မိုးကောင်း၊ (၂) မိုးညှင်း၊ (၃) မိုးမိတ်၊ (၄) ကလေး( ရာဇ ဂြိုဟ်)၊ (၅) သိန္နီ၊ (၆) အုန်းပေါင်သီပေါ၊ (၇) မိုးနဲ၊ (၈) မိုးဗြဲ၊ (၉) ညောင်ရွှေပြည်ကြီးဟူသော မောကိုးပြည်ထောင်စုတွင်ပါဝင်၍ အရန်မြို့ ပေါင်း ၃၉ မြို့ (သို့မဟုတ်) ၃၉ တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ၃၉ လုံးမိုင်းကမ္ဘောဇရဋ္ဌအရ ညောင်ရွှေပြည်ကြီးဟု ခေါ်ဝေါ်သမုတ်ခံခဲ့ရသည့် ဗဟိုမြို့ကြီးတစ်မြို့လည်း ဖြစ်ခဲ့သည်။

 

မြို့သစ်ကိုတည်ထောင်

 

ညောင်ရွှေမြို့မတိုင်မီက ယခုညောင်ရွှေမြို့၏ မြောက်ဘက် လေးမိုင်ကျော်ရှိသော ပေါရိသတ် စေတီတော်ကြီး၏အနီး ၎င်းစေတီတော်ကြီး၏ မြောက်ဘက်တွင် “မြို့ကြီးတွင်း” ဟုခေါ်သော အရပ်၌ ကောသမ္ဘီ (ရှမ်းဘာသာ သံဖြင့် ကော့ဆမ်ပီ၊ ကော= တစ်ယောက်၊ ဆမ်ပီ= သုံးနှစ်) ဖြစ်ပြီး မောင်နှမနှစ်ယောက်တို့သည် တစ်ယောက်လျှင် သုံးနှစ်ကျစီ အုပ်ချုပ်သဖြင့် တစ်ယောက် သုံးနှစ်ကျဟူ၍ အဓိပ္ပာယ်ရှိသည်။ ၎င်းအမည်ရှိသော မြို့ကြီးကို တည်ထောင်အုပ်ချုပ် စိုးစံခဲ့လေသည်။ ထို့နောက် ပုဂံပြည့်ရှင် ကျန်စစ်သား၏မြေးတော် အလောင်းစည်သူ မင်းကြီးလက်ထက် ခရစ်နှစ် ၁၁၁၀ (ကောဇာသက္ကရာဇ် ၄၇၅ ခုနှစ်) တွင် ထပ်မံ၍ တရုတ်ဘက်မှရန်သူများ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခြင်းခံရသဖြင့် ကောသမ္ဘီမြို့ပျက်စီးခဲ့ပြီး ၎င်းမြို့ဟောင်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းပြီးလျှင် ယခုသလဲဦးနှင့် မိုင်းသောက်အင်းရွာအကြား မပပင်အင်းရွာ၏ အနောက်ဘက် အင်းရေပြင်တွင် ရမ္မာဝတီ (နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်ရှိသောမြို့) ဟူသော မြို့သစ်ကိုတည်ထောင်လျက် အုပ်ချုပ်စိုးစံခဲ့ကြသည်။ ဤဒုတိယညောင်ရွှေမြို့တော်သည် ပထမ ညောင်ရွှေမြို့တော်ကဲ့သို့ ကြီးမားကျယ်ပြန့်သော မြို့ကြီးကဲ့သို့ အဆင့်မမီတော့ချေး နှောင်းပိုင်းကာလတွင် ရမ္မာဝတီ၏ အနောက်မြောက်ဘက်ဒေသရှိ ဟဲဟိုးသီခေါင်နယ် (ငုတ်တောင်) ဘက်မှ တောင်ပြိုခြင်းကြောင့် ယခုပုန်းအင်းဟုခေါ်သော ဟဲဟိုးချိုင့်ဝှမ်းဒေသရှိ အင်းရေများအရှေ့ဘက်သို့ ကျဆင်းလာပြီး တောင်ဘက်ညောင်ရွှေအင်း (အင်းလေး) သို့ စီးဝင်ခဲ့သဖြင့် ညောင်ရွှေအင်း၌ ရေများ တိုးတက်များပြားလာလေသည်။ ထို့ကြောင့် ရမ္မာဝတီမြို့မှာလည်း ရေဘေးကြောင့် ပျက်စီးခဲ့ရသည်။ ယခုအခါတွင် အင်းလေးဒေသခံများမှ “နန်းတော်ရာ(သို့မဟုတ်) အိမ်တော်ရာ” ဟုခေါ်ကြပေသည်။ ၎င်းမြို့ တော်ပျက်စီးပြီး နောက်တတိယမြို့တော် မိုင်းသောက်မြို့ကိုတည်ထောင် ခဲ့ကြပြန်သည်။

 

ကောင်းကင်ဓာတ်ပုံမှ ရှာဖွေတွေ့ရှိ

 

သမိုင်းသုတေသီပညာရှင်အချို့ လက်ခံပြီးဖြစ်သော တတိယမြို့တော် မိုင်းမောက်မြို့ကို ကောင်းကင်ဓာတ်ပုံမှ ရှာဖွေတွေ့ရှိခဲ့ရသည်။ ၎င်းမြို့ဟောင်းသည် အင်းလေးကန် အရှေ့ဘက်ကမ်း  ရေဝေရေလဲ၏ ခြေရင်းတွင် တွေ့ရှိရပေသည်။ တံတိုင်းနှစ်ထပ် ကာရံထားပြီး လေးနားညီ စတုရန်းပုံဖြစ်သည်။ ထိုမြို့တည်စဉ်အခါက လူတစ်ယောက်လျှင် တစ်တောင်းကျစီ မြေကြီးကို တူးဆွရသောကြောင့် မိုင်းဆောက် ဟူသော ရှမ်းဘာသာစကားမှ ရွေ့လျားပြောင်းလဲလာကာ နောက်ပိုင်းမိုးသောက်ဟု ခေါ်တွင်လာဟန်ရှိကြောင်း ရှမ်းသုတေသီတချို့က ဆိုပေသည်။

 

တတိယမြို့တော်မိုင်းသောက်မြို့ ဆုတ်ယုတ်ပျက်ပြားသော အခါတွင်လည်း စတုတ္ထညောင်ရွှေမြို့ ကို မန်ကျည်းစဉ် ဖာဖယ်ဟူ၍ မှတ်သားကြသည်။ ပန်းဖယ်မှ ကာလရွေ့လျား လာသောအခါ ဖာဖယ်ဟု မှတ်သားလာကြသည်။ အမှန်မှာ ပန်းဖယ်ဟူသော စကားဖြစ်ပြီး “ငါးမြို့” ဟူ၍ အဓိပ္ပာယ်ရသည်ဟု ဆိုသည်။ မန်ကျည်းစဉ်ဖာဖယ်မြို့သည်လည်း စော်ဘွားများ အဆက်ဆက်အုပ်စိုးခဲ့ကြရာ ၎င်းတို့အထက်မှ ဆီဆိုင်ဖ (ဆီဆိုင်) အမည်ရှိသော စော်ဘွားသည် ရွှေရောင်အဆင်းနှင့်တူသော ဗောဓိညောင်ပင် ပေါက်ရာအရပ်၌ မြို့သစ်တည်ထောင်၍ အုပ်ချုပ်စိုးစံလျှင် မြို့သက်တမ်းရှည်ကာ ဗုဒ္ဓသာသနာတော်ကြီးသည်လည်း ရောင်ဝါထွန်းကားလိမ့်မည်ဟူသော အိပ်မက်အရ မြို့သစ်တည်ထောင်ရန် ဆန္ဒပြင်းပြခဲ့ပြီး ပညာရှိမှူးမတ်များစေလွှတ်၍ မြို့သစ်ကို ရှာဖွေခိုင်းခဲ့သည်။ ထိုအခါ ပညာရှိမတ်များက စတုတ္ထမြို့တော် မန်ကျည်းစဉ် ဖာဖယ်မြို့၏ မြောက်ဘက်အရပ် ဣဿရိယကုန်းမြေ (ရွှေတောင်ဦး စေတီတည်ရှိရာနေရာ)ကို တွေ့ရှိသည်။ ထိုကုန်းမြေပေါ်တွင် ရွှေရောင် အဆင်းနှင့်တူသော ဗောဓိညောင်ပင်ကိုလည်း တွေ့မြင်ရ၍ နိမိတ်ကောင်းသောအရပ်ဟု သတ်မှတ်ကာ စော်ဘွားကြီး ဆီဆိုင်ဖထံသို့ သွားရောက်တက်ပြ လျှောက်ထားခဲ့သည်။ ထို တင်ပြလျှောက်ထားချက်အရ စော်ဘွားကြီး ဆီဆိုင်ဖသည် မန်ကျည်းစဉ်ဖာဖယ်မြို့မှ ရွှေညောင်ပင် ပေါက်ရောက်ရာ အရပ်ဖြစ်သော ဣဿရိယ ကုန်းမြေ အနောက်ဘက် (ယခုဖော်ဟောင်းကွင်း(ခေါ်) လွတ်လပ်ရေးကျောက်တိုင်ကွင်း) ကျောက်တိုင်ထားရှိရာ အရပ်၌ ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ်တွင် ပဉ္စမမြို့တော်သစ်ကို တည်ထောင် အုပ်ချုပ်စိုး စံခဲ့သည်။

 

အင်းသားလူမျိုးတို့သည်လည်း ရေး၊ ဗြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့များကို မြန်မာမင်း၊ ထိုင်း (ယိုးဒယား) မင်းတို့က အကြိမ်ကြိမ်တိုက်ခိုက်၍ မြို့ပျက်ပြားဖန်များသောကြောင့် ယခုအင်းသားခေါ် ထားဝယ်လူမျိုး ငထောင်၊ ငနောင် ညီအစ်ကိုနှစ်ယောက်တို့သည် ညောင်ရွှေစော်ဘွားကြီးထံ လာရောက် ထမ်းရွက်နေထိုင်ရာ အင်းကြီးမြင်သောကြောင့် ထားဝယ်မြို့ ကျေးရွာနှင့်တူ၍ ဆွေမျိုးသားချင်းတို့ကို ခေါ်ယူပြီး ကျေးရွာပြုစုနေထိုင်လိုကြောင်း အခွင့်တောင်းသည့်အတိုင်း စရိတ်ကြေးငွေ ထောက်ပံ့ပေးကမ်း၍ ခေါ်စေရာ ၃၆ အိမ်ထောင်စုပါ လညောင်ရွှေမြို့ တောင်ဘက် နန်းသဲ အရပ်တွင် ပထမပြုစု တည်ဆောင်စေ၍ တစ်စတစ်စ တိုးပွားလာရောက်နေထိုင်ကြသည်နှင့် ဟဲယာရွာ၊ နန်းပန်ရွာ၊ နောင်တောရွာ၊ ဘန့်ပုံရွာများကို ထပ်မံတိုးပွားတည်ထောင်၍ လာရောက်နေထိုင်သူ များပြားသောကြောင့် အင်းသားလူမျိုးတို့သည် ရေရိုးတစ်လျှောက်၌ အနှံ့အပြား ပွားများ ဖြစ်ထွန်းနေထိုင်ကြကြောင်း လေ့လာသိရှိရပေသည်။

 

ညောင်ရွှေမြို့တွင် ဆီဆိုင်ဖ မရှိသည့် နောက်ပိုင်း အဝမင်းခေါင်လက်ထက် ဆွဲရာဇ် ၇၉၆ ခုနှစ်တွင် သား သိုခင်ဘွား စိုးစံရာ အဝမင်းခေါင်တူမတော် တရုတ်စားရာဇသူ သမီးနှင့် ပေးစားထိမ်းမြား၍ အမျိုးဆက်လိုက်ကြောင်း သိုခင်ဘွားမရှိသည့်နောက် သားသိုဟုံဘွား ဆက်ခံစိုးစံသည်။ ၎င်းမရှိသည့်နောက် နုရပတိလက်ထက် သက္ကရာဇ် ၉၁၉ ခု၊ ဆင်ဖြူရှင်လက်ထက်တွင် ဆီဆိုင်ဘွားမြေး စောခမ်းကလည်းကောင်း၊ သက္ကရာဇ် ၉၃၆ ခုတွင် ညောင်ရမ်း မင်းတရားလက်ထက် သိုရုတ်ဘွားသား ခင်ဟုံဘွားစိုးစံသည်။ ၎င်းမရှိလျှင် သားမရှိ မြေးငယ်ရွယ်သည့်အတွက် သိုခင်ဘွား နန်းဖဲကတော် စိုးစံသည်။ ၎င်းနေခက် သက္ကရာဇ် ၉၇၀ ခုနှစ်တွင် အထက်ခင်ဟုံဘွားမြေး  စောထွေးခမ်း ဆက်ခံစိုးစံသည်။ ၎င်းမရှိလျှင် သက္ကရာဇ် ၉၇၇ ခုတွင် သားစောဘဲခမ်း ဆက်ခံစိုးစံပြီး ၎င်းမရှိသည့်နောက် ထိုသက္ကရာဇ်တွင်ပင် နန်းဖဲကတော် ထပ်မံစိုးစံခဲ့သည်။

 

ဆက်ခံစိုးစံ

 

ညောင်ရွှေမြို့တွင် စော်ဘွားမရှိဘဲ ၁၂ နှစ်လစ်လပ်သည်နှင့် အမျိုးအနီးရှာဖွေရာ အထက်စော်ဘွား စောထွေးခမ်းသား ကျမိုင်းနှင့် မိုးမိတ်စော်ဘွားကြီးသမီးတို့ ထိမ်းမြားလက်ထပ်ရာ ကျမိုင်းကွယ်လွန်၍ ကိုယ်ဝန်သုံးလ ကျမိုင်းကတော်တွင် ကျန်ရစ်သည်။ ၎င်းကျမိုင်းကတော်မှာနေရင်း မိုးမိတ်မြို့ ခမည်းတော်ထံ ပြန်သွား၍ သားယောက် ဖွားမြင်လေသည်။ ဘိုးတော်စော်ဘွားကြီးရှိစဉ် အသက် ၁၅ နှစ်ခန့်ရှိမှ ညောင်ရွှေမြို့ရှိ မှူးမတ်အရာရှိတို့က မိုးမိတ် မြို့သို့ သွားရောက်တောင်းယူရာ ဘိုးတော်စော်ဘွားကြီးက မယ်တော်နှင့်တကွ ဆွေတော်မျိုးတော်၊ ကျေးကျွန်တော်များ ထည့်အပ်ပြီး စောအောင်ခမ်းကို စိုးစံစေသည်။ ၎င်း စာအောင်ခမ်းလက်ထက်မှစ၍ မိုးမိတ်ပါ မယ်တောင်ဘက် ဆွေမျိုးတို့ကို လက်ဝဲခြင်း၊ လက်ယာခြင်း၊ သေနတ်စုမြင်းဖွဲ့၍ ကိုယ်ရံတော် သက်စောင့်ထားရှိခဲ့သည်။ ပါလာသော ကျေးကျွန်တို့ကိုလည်း အထိုက်အလျောက် ချီးမြှောက်ပြုစု ကျေးရွာတည်ထောင် နေထိုင်စေခဲ့သည်။ ၎င်းမရှိလျှင် သား ခင်ဟုံဘွား စိုးစံသည်။ မရှိလျှင် စောသူဝ စိုးစံပြီး သက္ကရာဇ် ၁၀၄၉ ခုတွင် အထက်စောအောင်ခမ်းသား ကျွန်တောင်းစား စိုးစံခဲ့သည်။ သက္ကရာဇ် ၁၀၅၇ ခုတွင် စောသူဝသား ခမ်းလှိုင် ဆက်ခံစိုးစံခဲ့သည်။ သက္ကရာဇ် ၁၀၅၇ ခုတွင် ညီခမ်းလှိုင်ကလည်းကောင်း၊ ၎င်းမရှိလျှင် တောက်ရှာစား စိုးစံခဲ့သည်။ သက္ကရာဇ် ၁၀၉၈ ခုတွင် သီထုံစား စိုးစံခဲ့ပေသည်။ သက္ကရာဇ် ၁၁၀၈ ခုတွင် သီထုံစားသား ကေသဝ စိုးစံပြီးမရှိလျှင် သက္ကရာဇ် ၁၁၂၀ ပြည့်တွင် ညီနော်မိုင်း စိုးစံရာ မကြာမီ ခုနစ်လတွင် ကွယ်လွန်၍ ၎င်း သက္ကရာဇ်တွင် ရွက်မိုင်းစိုးစံသည်။ သက္ကရာဇ် ၁၁၂၃ ခုတွင် အထက်ခမ်းလှိုင်း ဘုန်းပကားစား စိုးစံခဲ့သည်။

 

သက္ကရာဇ် ၁၁၂၄ ခုတွင် ဘုန်းပကားစား စော်ဘွားသည် မြင်းစီးသေနတ်ကိုပစ်ရာ သေနတ်ကွဲ၍ လက်မ ပြတ်သောကြောင့် အင်္ဂါမစုံသည်နှင့် အထက်ကေသဝသား စောယွန်း ကို လွှဲ၍ ဆက်ခံစိုးစံခဲ့သည်။ ၎င်းမရှိလျှင် သက္ကရာဇ် ၁၁၇၇ ခုတွင် မြေးတော် စော်စဲဥစိုးစံ၍ သုံးနှစ်ရှိလျှင် ဘထွေး နော်မိုင်း သုံးနှစ်စိုးစံခဲ့ပေသည်။ ၎င်းနောက် စောစဲဥပင်ပြန်၍ စိုးစံပြန်ပါသည်။ ၎င်းမရှိလျှင် သက္ကရာဇ် ၁၂၂၇ တွင် အထက် စော်ဘွားကြီးစောဥ၏ သားကြီး စောသုဒေဝသား အရိုး ဖြစ်သူ စောမောင်စံ၍ သက္ကရာဇ် ၁၂၄၇ ခုနှစ်ရောက်သော ကာလတွင် အရေးအခင်းဖြစ်ပွားသည်နှင့် စော်ဘွား စောနောင် သေနတ်ထိခိုက်၍ မြို့ရွာမှ ထွက်ခွာသွားသည့် အခါ စောရွှေဟုံသား စောချစ်စုက ၁၅ ရက် မြောက် စိုးစံခဲ့ရာ စော်ဘွားသခင် စောမောင်က နောင်တော်ကြီး စောအုံကို အရေးလွှဲအပ်စိုးစံစေခဲ့သည်။ စော်ဘွား စောဆုံ မရှိလျှင် သက္ကရာဇ် ၁၂၅၉ ခုတွင် အထက်စော်ဘွား စောမောင်ကိုပင် အင်္ဂလိပ်အစိုးရတို့က တင်မြှောက်၍ ၂၉ နှစ် စိုးစံအုပ်ချုပ်ခဲ့ရာ ၎င်းလက်ထက်တွင် ညောင်ရွှေ မြို့ကြီးသည် ပိုမိုတိုးတက် ထွန်းကားခဲ့ပေသည်။ သက္ကရာဇ် ၁၂၈၉ ခုတွင် ဦးရီးတော် စော်ဘွားစောမောင် မရှိလျှင် တူတော်စောရွှေသိုက် ဆက်လက်စိုးစံခဲ့ပေသည်။

 

ဤပဉ္စမမြောက် ညောင်ရွှေမြို့သည် အရှေ့ကို သွားလျှင် တောင်တန်းကြီးအထိ။ နောက်ကိုလားသော် တောင်တန်းကြီးအထိ တောင်ကိုလားသော် မိုင်းသောက်အထိ၊ မြောက်ကိုလားသော် တာရောလမ်း( စခန်းကြီး) အထိဖြစ်ကြောင်း လေ့လာသိရှိရပေသည်။ ထိုလေးရပ်အတွင်းရှိ နယ်မြေကို မြို့တွင်းနယ်မြေဟု သတ်မှတ်ပြီး ဆင်ခြေဖုံး ရပ်ခွဲခြား၍ မြို့သစ်ကို အသစ်တစ်ဖန်တည်ထောင်ကာ အုပ်ချုပ်စိုးစံခဲ့လေသည်။ ရွှေအဆင်းရှိသော ဗောဓိညောင်ပင်ပေါက်သည်ကို အစွဲပြု၍ မြို့တော်သစ်၏ အမည်ကို “ညောင်ရွှေမြို့”ဟု ရှေးသူဟောင်းများ မှည့်ခေါ်ခဲ့ကြသဖြင့် ထိုအမည်သည် ယနေ့တိုင်အောင် အမည်တွင်လျက်ရှိပေသည်။ တစ်နည်းဆိုရသော် မြို့တော်သစ်၏ နယ်နိမိတ်လေးရပ်တို့တွင် အရှေ့ဘက်နှင့် အနောက်ဘက် နယ်နိမိတ်များမှာ တောင်နှင့်မြောက် သွယ်တန်းတည်ရှိနေသည့် တောင်တန်းကြီးနှစ်သွယ်ဖြစ်ခြင်းကြောင့် မြို့တော်သစ်တည်ရာမြေမှာ ယင်းတောင် တန်းနှစ်သွယ်၏ အလယ်ဗဟိုနေရာတွင်ရှိသော ကုန်းမြေဖြစ်သောကြောင့် မြို့တော်သစ်၏အမည်ကို “မိုင်းယောင်ဝေ” (တောင်ကြားကုန်းမြေမြို့) ဟုလည်း ရှမ်းဘာသာဖြင့် ပညာရှိတို့က မှည့်ခေါ်ခဲ့ကြပေသည်။ ဤပဉ္စမမြောက် ညောင်ရွှေမြို့သည် ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ်မှစ၍ ၁၃၂၁ ခုနှစ်အထိ နှစ်ပေါင်း ၆၀၀ အတွင်း စော်ဘွားကြီး ဆီဆိုင်ဖမှစတင်၍ စော်ဘွားစဝ်ရွှေသိုက်အထိ စော်ဘွား မင်းဆက်ပေါင်း ၃၃ဆက်တိုင်တိုင် ဆက်ခံစိုးစံခဲ့ကြပေသည်။

 

ရေကျုံးများဖြင့် ဝိုင်းရံထား

 

ယခုအခါတွင် ညောင်ရွှေမြို့ အားစာရေးသူကိုယ်တိုင် ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ခဲ့ရာတွင် ညောင်ရွှေမြို့သည် မြို့ရိုးတံတိုင်းများဖြင့် ကာရံထားခြင်းမဟုတ်ဘဲ ရေများဖြင့် ဝိုင်းရံထားခဲ့ကြောင်း၊ စော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ခဲ့သော ဟော်ဟောင်းကွင်းနေရာ ကွင်းပြောင်ပြောင်နေရာကိုသာ တွေ့ရှိခြင်း၊ စော်ဘွား စဝ်ရွှေသိုက်လက်ထက်က အုပ်ချုပ်ခဲ့သော ဟော်ကြီးအား ညောင်ရွှေပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်း၊ ရတနာမာန်အောင် စေတီနှင့် ရွှေတောင်ဦး စေတီတည်ရှိခဲ့သော နေရာများကိုသာ တွေ့မြင်နိုင်ခဲ့သည်။ ညောင်ရွှေမြို့ဟောင်း၏ အခြားသော အထောက်အထား မှတ်တမ်းများကို ညောင်ရွှေမြို့ရှိ ညောင်ရွှေပြတိုက်တွင်သာ တွေ့မြင်ခဲ့ရပေသည်။ ထို့ပြင် ညောင်ရွှေမြို့ အဝင်တွင် ရှေးယခင်အခါက ပုဂံမြို့ဟောင်းရှိ သရပါတံခါးကဲ့သို့ မြို့ဝင်အုတ်တံခါး တစ်ခုရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရပေသည်။ ယခုအခါတွင် ဤပဉ္စမမြောက် ညောင်ရွှေမြို့သည် ဖောင်တော်ဦးဆင်းတု ငါးဆူ( သာလေးကျေးရွာအုပ်စု နမ့်ဟူးရွာ နမ့်ဟူးကျောင်းတိုက် ) ကိန်းဝပ်ရာ အင်းလေး အရပ်ဒေသ ပါဝင်နေသည့်အတွက် မြန်မာနိုင်ငံတွင် အထူးထင်ရှားကျော်ကြားသည့် ဒေသဖြစ်သည်သာမက မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာသိဒေသ (သို့မဟုတ်) ကမ္ဘာသိမြို့ တစ်မြို့လည်း ဖြစ်နေပြီဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။

 

ကိုးကား

(၁) ဒေါ်ခင်ငြိမ်းကြည်(သမိုင်းဌာန)- ရှေးဟောင်းညောင်ရွှေမြို့ဟောင်းများ

(၂) အမတ်ထောက်ဦးငြိမ်း - မိုင်းယောင်ဆု (ခေါ်) ညောင်ရွှေရာဇဝင်တော်ကြီး(၁၈၄၇-၁၉၂၆)

(၃) ကိုယ်တိုင်ကွင်းဆင်းလေ့လာချက်မှတ်တမ်း