ညောင်ရွှေ ၁၃ ဧပြီ
ညောင်ရွှေမြို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဧည့်သည်တော် ကချင်ပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအကအဖွဲ့များက မြနန္ဒာတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော စက်ဘီးစီးသင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပါဝင်စီးနင်းကြသည့် စက်ဘီးစီးသမား မောင်မယ်များအား ရင်းရင်းနှီးနှီးအားပေးခဲ့ကြသည်။
အဆိုပါစက်ဘီးစီးသင်္ကြန်တွင် ပါဝင်စီးနင်းကြသည့် စက်ဘီးစီးအားကစားသမားပေါင်း (၄၀ဝ)ကျော်ပါဝင်ပြီး ညောင်ရွှေမြို့မှ ရေပေါ်သင်္ကြန်ကျင်းပပြုလုပ်မည့် အင်းလေးဒေသ နန်းပန်ကျေးရွာအထိ ကီလိုမီတာ(၃၀)ကို စုပေါင်း၍ တပျော်တပါး စီးနင်းကြမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်တွင် စက်ဘီးစီးသမားများ အနားယူအပန်းဖြေနိုင်ရန်အတွက် နေရာ(၄)ခု ပြုလုပ်ထားကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)


