ညောင်ရွှေမြို့ နန္ဒဝန်ရပ်ကွက်တွင် ဆေးလိပ်မီးကြောင့် နေအိမ်မီးလောင်မှုဖြစ်ပွား

ညောင်ရွှေ ၁၂ ဖေဖော်ဝါရီ           

ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်(၆)ကွက်၊ စိုက်ဘဏ်လမ်းနှင့် ခရေ(၁)လမ်းထောင့်ရှိ ဦးမျိုးသိန်းပိုင်ဆိုင်ပြီး ဒေါ်မြင့်မြင့်အေး(၅၆)နှစ်နှင့် ဦးစိုးမိုး(၅၀)နှစ်တို့ ငှားရမ်းနေထိုင်သည့် အုပ်ညှပ်၊ သွပ်မိုး နှစ်ထပ်လူနေအိမ်တွင် ယနေ့ နံနက် ၅ နာရီခွဲခန့်က ဆေးလိပ်သောက်ရာမှတစ်ဆင့် အိပ်ယာပေါ်သို့ မီးပွားကျရောက်ပြီး မီးလောင်ဆုံးရုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

123

 

ဖြစ်စဉ်မှာ အဆိုပါအိမ်၌ငှားရမ်းနေထိုင်ကြသော ဒေါ်မြင့်မြင့်အေးနှင့်အတူနေထိုင်သည့် ဖခင်ဖြစ်သူ ဦးမြင့်ဦး အသက်(၈၁)နှစ် စိတ်ကျန်းမာရေးချို့တဲ့နေသူမှ ဆေးလိပ်သောက်ရာမှတစ်ဆင့် အိပ်ယာပေါ်ရှိ မွေ့ယာပေါ်သို့ မီးပွားကျရောက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

123

 

မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုစုပေါင်း အင်အား(၁၅၀)ခန့်တို့နှင့် ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ၊ တောင်ကြီးမြို့တို့မှရောက်ရှိလာသော မီးသတ်ယာဉ်(၇)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ သည်။

အဆိုပါမီးလောင်မှုကြောင့် အလျား ၂၅ ပေ၊ အနံပေ ၃၀၊ အုပ်ညှပ်သွပ်မိုး၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူ၊ တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ(ညောင်ရွှေ)