ညောင်ရွှေ၊ ၅ ဇန်နဝါရီ
ရှမ်းပြည်နယ် ညောင်ရွှေမြို့မ မင်္ဂလာဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဆိုင်ခန်းရှင်များနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းတို့က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် Excellent Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ဈေးအဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့မိမြို့ဖများ၊ ဈေးဆိုင်ခန်းရှင်များက သိလိုသည်များကို မေးမြန်းရာ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် Excellent Myanmar ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။
ညောင်ရွှေမြို့မ မင်္ဂလာဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းကို မြို့မ မင်္ဂလာဈေး မြောက်ဘက်နေရာတွင် သုံးထပ်ခွဲထက်မပိုသည့် အဆင့်မြှင့်ဈေးအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် ဈေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး Excellent Myanmar ကုမ္ပဏီမှ ဦးစွာစိတ်ဝင်စားမှုအဆိုပြုလွှာ လျှောက်ထားအောင်မြင်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်


