ညောင်ရွှေ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူများအား သွားလာခွင့်ကတ်နှင့် ထောက်ခံစာများစစ်ဆေးခြင်း၊ မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူများအား ခရီးသွားရာဇဝင်စိစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာခြင်း မပြုလုပ်ရန် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့နှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မြို့နယ်စီအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် မြို့တွင်းလူစည်ကားရာနေရာများ၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား နေအိမ်ပြင်ပထွက်ခွာခွင့်ကတ်များစစ်ဆေးခြင်း၊ Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်းများ လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ အကြောင်းပြချက်မခိုင်လုံဘဲ ပြင်ပထွက်ခွာသားလာနေသူများအား ဥပဒေအရအရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ညောင်ရွှေမြို့နယ်တွင် ဩဂုတ် ၁၃ ရက်အထိ ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားသူ ၁၃၅၉ ဦး ရှိပြီး သေဆုံး လူနာ ၅၇ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၉၃၃ ဦးနှင့် ဆေးကုသမှု ခံယူနေသူ ၃၆၉ ဦး ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


