ညောင်ရွှေ၊ ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလျားကျေးရွာအုပ်စု၊ လွယ်မော်ကျေးရွာမှ မြစိမ်းရောင် (သားငါးကဏ္ဍ) အဖွဲ့ဝင် မွေးမြူရေးတောင်သူများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆဋ္ဌမအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများက တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း မြစိမ်းရောင်(သားငါးကဏ္ဍ)တွင် ယူနစ် လေးခုရှိပြီး ကျေးရွာပေါင်း ရှစ်ရွာ ပါဝင်ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ကျွဲ၊ ဘဲ တို့ကို အဓိကမွေးမြူကြကြောင်း၊ ရွှေ့ပြောင်း ပျားမွေးမြူရေး လုပ်ကိုင်သူ အနည်းငယ်ရှိကြောင်း၊ လာမည့်ဘဏ္ဍာနှစ်အတွင်း ကျေးရွာအရောက် မွေးမြူရေးသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် စံပြမွေးမြူရေးခြံများ ထူထောင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးသွားရန် စီစဉ်ထားကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက ပြောပြသည်။
စိုင်းအယ်ဘဲ


