ညောင်ရွှေ၊ ၁၀ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် စံကားကျေးရွာ၌ ခရီးသွားလုပ်ငန်း စံပြကျေးရွာ အကောင်အထည်ဖော်ရေး၊ ညောင်ရွှေမြို့တွင်း စိမ်းလန်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခင်တို့က စံကားကျေးရွာ၌ ခရီးသွာလုပ်ငန်းစံပြကျေးရွာ အကောင်အထည်ဖော်မည့် အစီအစဉ်များ၊ ညောင်ရွှေမြို့တွင်း သာယာလှပရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
ညောင်ရွှေမြို့နယ် စံကားကျေးရွာတွင် ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး စံပြကျေးရွာ အကောင်အထည်ဖော်ရေးအတွက် ပြည်နယ်ရန်ပုံငွေကျပ် သိန်း ၈၀၀ ဖြင့် အခြေခံအဆောက်အဦ တည်ဆောက်ခြင်း၊ လှေဆိပ်အဆောက်အဦ၊ ဈေးဆိုင်ခန်းများ ရိုးရာဒီဇိုင်းဖြင့် ဆောက်လုပ်ခြင်း၊ လှေဆိပ်အဝင်လမ်းခင်းခြင်း၊ အမှိုက်ပုံးနှင့် အမှိုက်စွန့်ပစ်ရန်နေရာများ ထားရှိခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းများ ဆောင်ရွက်ခြင်း၊ ညောင်ရွှေမြို့တွင်း သာယာလှပရေးအတွက် ပြည်နယ်ရန်ပုံငွေကျပ် သိန်း ၂၄၀၀ ဖြင့် သာစည်ကန်ဖြတ် တံတားဟောင်း ပြုပြင်ခြင်း၊ သာစည်ကန်ဖြတ် မူလတံတားနှင့်အပြိုင် သစ်သားတံတားသစ် တည်ဆောက်ခြင်း၊ ရွှေညောင်- ညောင်ရွှေလမ်းနှင့်အပြိုင် သာစည်ကန်တွင်း သစ်သားလျှောက်လမ်းတံတား တည်ဆောက်ခြင်း၊ မြို့တွင်းရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ နှုန်းဆယ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်


