ညောင်ရွှေ    ဇူလိုင်    ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ကုသရေး ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံ၊ ဟဲယာရွာမ တိုက်နယ်ဆေးရုံ၊ စံကားတိုက်နယ်ဆေးရုံတို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ၊ မိသားစုဝင်များ၊ ထိတွေ့ဆက်စပ်သူများ၊ သံသယရှိသူများကို RDT Test Kit ဖြင့် စစ်ဆေးခြင်း၊ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံများတွင် အသွားအလာကန့်သတ်ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများ၊ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များမှ လာရောက်သူများကို မြို့မ ရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ အသွားအလာကန့်သတ်ထားရှိခြင်း၊ လူအများသွားလာသည့် နေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ညောင်ရွှေမြို့နယ်တွင် ဇွန် ၂၃ ရက်မှ ဇူလိုင် ၅ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၁ ဦးရှိပြီး သေဆုံးသူ နှစ်ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ နှစ်ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ ၆၇ ဦးရှိကြောင်း သိရသည်။

နေမျိုးသူရိန်