ညောင်ရွှေ   ၂   ဇွန် 

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝက်များနာမကျန်းဖြစ်ပြီး သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရသည်။

 

ထိုသို့ ဝက်များသေဆုံးခဲ့ရခြင်းမှာ Porcine Circovirus Type - 2(PCV-2) ဆာကိုဗိုင်းရပ် ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါကြောင့် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ (PCV-2) ဆာကိုဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါနှင့်ပက်သက်၍ ဆောင်ရွက်နေမှုများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက "ညောင်ရွှေမြို့နယ်၊ ကျေးရွာအုပ်စု ၄ စု၊ ကျေးရွာပေါင်း ၁၇ ရွာမှာ ဝက်များနာမကျန်းဖြစ်ပြီး သေဆုံးသည်ဟု သိရှိခဲ့ရကြောင်း၊ မိမိဌာနမှ သတင်းရချိန်မှစ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး (၂၇.၅.၂၀၂၀) ရက်နေ့တွင် နာမကျန်းဖြစ်နေသည့် ဝက်နှစ်ကောင်၏ သွေး၊ ကိုယ်တွင်းအင်္ဂါ နမူနာများအားရယူပြီး မေ ၂၈ ရက်နေ့တွင် မန္တလေးရှိ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း မိမိဌာနမှ ရောဂါဖြစ်ပွားလျက်ရှိသည့် ကျေးရွာများသို့ ကွင်းဆင်း၍လိုအပ်သည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်နေပါကြောင်း၊ ဓာတ်ခွဲခန်းအတည်ပြုချက်အရ (PCV-2)ရောဂါဖြစ်ကြောင်း၊ ၎င်းရောဂါသည် ဝက်အချင်းချင်းသာ ကူးစက်ဖြစ်ပွားတတ်ပြီး လူသို့ကူးစက်ဖြစ်မှုမရှိကြောင်း၊ မိမိတို့ဌာနမှလည်း ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံပြည်သူများမှလည်း ဌာနနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း" ပြောကြားသွားသည်။

 

စိုင်းအယ်ဘဲ