ညောင်ရွှေ၊ ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများကို စာရင်းသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။ ဆက်လက်၍ ကာကွယ်ဆေး ထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလောဖျားနာနေသူများကို ကာကွယ်ဆေးထိုးနှံပေးခြင်းမရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်း ၂၆၅ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို (၂၈)ရက်ကြာလျှင် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်


