ညောင်ရွှေ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများဖြစ်ကြသည့် စီမံကိန်းသီးနှံ နွေစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျော့မောင်ငယ်ကျေးရွာ မနောသုခစိုက်ပျိုး ထုတ်လုပ်ရေး၊ သလဲဦးကျေးရွာ ရောင်နီဦးလယ်ထွေနှင့် လွယ်မောကျေးရွာ ရွှေမင်းသားစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ၏ နွေစပါး သီးနှံစီမံကိန်း အထောက်အကူ ဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် ဆုလာဘ်ကုမ္ပဏီက စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး Leo မြေသြဇာ၊ Thai Power မြေသြဇာနှင့် ဆုလာဘ်မြေသြဇာ စုစုပေါင်း ၇၅၇ အိတ်ကို အသင်းသားများ လက်ဝယ်အရောက် ပံ့ပိုးပေးခဲ့သည်။
ညောင်ရွှေမြို့နယ် အတွင်း သမဝါယမအသင်းများက နွေစပါး စိုက်ဧက ၁၆၀၀ လျာထား စိုက်ပျိုးလျက်ရှိပြီး အသင်းသားများ၏ စိုက်ပျိုးထားရှိမှုအပေါ် နည်းပညာနှင့် သွင်းအားစုလိုအပ်ချက်များကို ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ


