၂၆  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသ တောင်ကြီးခရိုင် ညောင်ရွှေမြို့တွင်တောင်ပေါ်ပင်လယ်ဟု တင်စားခေါ်ဝေါ် နေသော သဘာဝခရီးသွားလုပ်ငန်း နယ်မြေတစ်ခုဖြစ်သည့် အင်းလေးကန်ကြီးရှိသည်။ အင်းလေးကန်၏ ထူးခြားသည့် ပထဝီအနေအထားအရ အင်းလေးကန်သည် ဇီဝမျိုးစုံ မျိုးကွဲများဖြင့်ပြည့်စုံနေသည့်အပြင် တန်ခိုးကြီး ဖောင်တော်ဦး စေတီလည်း တည်ရှိသည်။ ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်လည်ပတ်လေ့လာနေသော ဒေသဖြစ်သည်။

 

အင်းလေးကန်သည် အင်းရေပြင်ဧရိယာ ၂၄ စတုရန်းမိုင်ရှိသည်။ အင်းလေးကန်တွင် ကျွန်းမျောရိုင်း ဧရိယာ ၁၃ စတုရန်းမိုင်၊ ကျွန်းမျော စိုက်ခင်းဧရိယာ ၁၅ စတုရန်းမိုင်၊ လူနေထိုင်သည့် ဧရိယာ ၃ စတုရန်းမိုင်နှင့် စိုက်ပျိုးမြေ ၈ စတုရန်းမိုင်ရှိပြီး လက်ရှိနယ်နိမိတ် ဧရိယာမှာ ၆၃ စတုရန်းမိုင်ဧရိယာရှိသည်။ အင်းလေးကန်သည် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည့် ကျောက်ပျော်ကန် အမျိုးအစားဖြစ်သည်။ အင်းလေးကန်သည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် တည်ရှိသည့် တောင်နှင့်မြောက်သွယ်တန်းနေသော တောင်တန်းကြီးနှစ်ခုအလယ်တွင် တည်ရှိသည်။

 

အင်းလေးကန်၏ ရေဝေရေလဲဧရိယာသည် ညောင်ရွှေမြို့နယ် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်များ ပါဝင်သည့် မြန်မာနိုင်ငံ၏ ရေတိမ်ဒေသကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အာဆီယံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် သဘာဝရေအိုင် ဖြစ်သည်။ အင်းလေးကန်သည် ပြည်တွင်းပြည်ပမှခရီးသွားများ လာရောက်လည်ပတ်နေသည့် ထင်ရှားသော နေရာတစ်ခုဖြစ်သည်။ အင်းလေးကန်တွင် လှေကိုခြေထောက်ဖြင့် လှော်ခတ်သည့် ဓလေ့မှာ ကမ္ဘာတွင် ထူးခြားဆန်းပြားသည့် ဓလေ့ဖြစ်သည်။

 

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ဆက်စပ်ဖြစ်ပေါ်လာရသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် လက်ရှိအချိန်တွင် အင်းလေးကန်သည် သဘာဝအနေအထား ပျက်သုဉ်းမှုဒဏ်ကို ခံစားနေရသည်။ ၂၀၁၀ ပြည့်နှစ်က အင်းလေးကန်အတွင်း ရေကျဆင်းမှုအဆိုးရွားဆုံး အခြေအနေဖြင့် ရင်ဆိုင်တွေ့ကြုံရသည်။ ထိုအခြေအနေဆိုးကို ကြုံတွေ့ရပြီးနောက်ပိုင်း အင်းလေးကန် ရေရှည်တည်တံ့ရေးကို ဌာနပေါင်းစုံ၊ ဘက်ပေါင်းစုံက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဆည်မြောင်းဌာန၊ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို စီမံကိန်းအသွင်ဖြင့် ၁၉၉၂ ခုနှစ်က ညောင်ရွှေတွင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတစ်ရုံး ဖွင့်လှစ်ကာ အင်းလေးကန် အမြဲစိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းကာကွယ်ရန် လုပ်ငန်းခေါင်းစဉ်တစ်ရပ် ချမှတ်ကာ ဆောင်ရွက်နေသည်။

 

အင်းလေးကန်အတွင်းသို့ မြောက်ဘက်မှ စီးဝင်သော ချောင်းတစ်ချောင်း၊ အရှေ့ဘက်မှ စီးဝင်သော ချောင်း ၁၇ ချောင်း၊ အနောက်ဘက်မှ စီးဝင်သော ချောင်း ၁၁ ချောင်း စုစုပေါင်း ၂၉ ချောင်းမှ ရေဆင်းဧရိယာ ၁၄၂၂ စတုရန်းမိုင်ရှိသည်။ အင်းလေးကန်အတွင်းသို့ ချောင်း ၂၉ ချောင်းမှ နှစ်စဉ်သဲနုန်းကျင်းပေါင်း သုံးသိန်းမှ ငါးသိန်းအထိ ဝင်ရောက်ပို့ချလျက် ရှိသည်။ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနက နှစ်စဉ်ပျမ်းမျှကျင်းပေါင်း တစ်သိန်းခန့် သာတူးဖော်ဖယ်ရှားနိုင်ခဲ့သည်။

 

အင်းလေးကန်အတွင်းသို့ သဲနုန်းများ ပို့ချလျက်ရှိသည့် အဓိကချောင်းများမှာ နမ့်လက်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်သည်။ အင်းလေးကန်ထိန်းသိမ်းရေးနှင့် သာယာလှပရေးအတွက် ဆည်မြောင်းဌာနက ယနေ့အထိနုန်းထိန်းတမံခြောက်ခု၊ နုန်းဖမ်းဆည်၂၇၅ ခု၊ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို နှစ်စဉ်ပျမ်းမျှ သဲကျင်း ၁၀၅၂၅၀ ကိုတူးဖော်ခဲ့ရာ ယနေ့အထိ သဲနုန်းကျင်း ပေါင်း ၃၀ ဒသမ ၈၄ သိန်း တူးဖော်ပြီးဖြစ်သည်။

 

အင်းလေးကန်၏ အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀ဝ ကျော်က နုန်းများဖြင့် ပြည့်နေပြီဖြစ်သည်။ ကန်ထောင့်ကန်၊ နဒီကန်၊ သာစည်ကန်၊ ကန်တော်ကန်၊ ကန်နီကန်စသည့် ကန်များအား နုန်းဝင်ကန်များအဖြစ် အသုံးပြုရန် သဲနုန်းများ တူးဖော်ခြင်း၊ ရေဖယ်နုန်းထိန်းတမံနှင့်သနပ်ခါး နုန်းထိန်းတမံတို့မှ သဲနုန်း ဖယ်ရှားခြင်း၊ အင်းလေးကန်အတွင်း အဓိကစီးဝင်သည့် ချောင်းများကိုစနစ်တကျ ပြန်လည်တူးဖော်၍ ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်ခြင်း၊ အင်းလေးကန်၏ အဓိကဆက်သွယ်သည့် ရေလမ်းကြောင်းများဖြစ်သည့် နန့်လတ်ချောင်း၊ ငါးဖယ်ချောင်း၊ ဖောင်တော်ဦးအလိုတော်ပေါက် ရေလမ်းကြောင်းနှင့် ကျေးရွာချင်းဆက်သွယ်သည့် ရေလမ်းကြောင်းများမှ သဲနုန်းများအား တူးဖော်ဖယ်ရှားခြင်းလုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်နေသည်။

 

အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ကန်အတွင်းနှင့် ကန်စပ်ဧရိယာများ၊ ရေဝင်ချောင်းများတွင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းအပြင် အင်းလေးကန်ရေဝေ ရေလဲ ဧရိယာအတွင်း သဲနုန်းကျဆင်းမှုကို ထိန်းသိမ်းကာကွယ်နိုင်မည့် သဲကောသစ်ပင်များ ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ ကမ်းပါးပြိုများ စနစ်တကျ ထိန်းသိမ်းခြင်း၊ မြေယာအသုံးချမှု မှန်ကန်စေရေးအတွက် ကျေးရွာအထိကွင်းဆင်းစည်းရုံးကာ ပညာပေးဆောင်ရွက်နေသဖြင့် အင်းလေးကန်ကြီး အစဉ်ထာဝရ စိမ်းလန်းသာယာ စိုပြည်လှပမှုကို အဓွန့်ရှည်အောင် ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း ရေသားတင်ပြ အပ်ပါသည်။ ။

 

တင်လှိုင်(မိတ္ထီလာ)