ညောင်ရွှေ ၂၀ မတ်
ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် လူစုလူဝေးများရှိသည့် နေရာများအား အသိပညာပေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက် နံနက် ၉ နာရီတွင် စာသင်သား သံဃာတော်များသတင်းသုံးနေထိုင်သည့် ကန်ကြီးပရိယတ္တိစာသင်တိုက် စာချကျောင်းဆောင်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 အကြောင်းသိကောင်းစရာများ အသိပေး ပန်ကြားလျှောက်ထားခြင်း၊ အသိပညာပေးပိုစတာများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ကျောင်းတိုက်နေဆရာတော်များ၊ စာချဆရာတော်များနှင့် စာသင်သား သံဃာတော်များအား အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 စတင်ဖြစ်ပွားပုံ၊ ကူးစက်ပြန့်နှံ့ပုံ၊ ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းစဉ်များ၊ သံသယလူနာတွေ့ရှိပါက အကြောင်းကြားဆက်သွယ်ရမည့် နေရာများနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေး ရှင်းလင်းပန်ကြား လျှောက်ထားခဲ့သည်။
အလားတူ ညောင်ရွှေမြို့ပေါ်ရှိ စာသင်သားသံဃာတော်များ သီတင်းသုံးလျှက်ရှိသည့် ရွှေဂူပရိယတ္တိစာသင်တိုက်၊ လှိုင်ကြူပရိယတ္တိစာသင်တိုက်များ၌လည်း အသိပညာပေး ရှင်းလင်းပန်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


