နေပြည်တော်      ဇူလိုင်       ၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင် ၇  ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍  ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ခေတ်မီစံပြကျေးရွာ ၄၂ ရွာ ရွေးချယ်၍ Pilot Project အနေဖြင့် ယခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ စံပြကျေးရွာများ ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသထွက်ကုန် စသည်တို့ကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘော်နင်းကျေးရွာအတွက် ဆောင်ရွက်ပေးထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် Cash For Work စီမံကိန်း ခွင့်ပြုရန်ပုံငွေများအား စီမံကိန်းလက်စွဲပါ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ကျေးရွာလူထုမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း‌ရန်လည်း လိုအပ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် ဘော်နင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုအေးက ကျေးရွာအတွက် လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ရွာတော်-မြက်ဆက်(တ)-မြက်ဆက်(မ)-ဘော်နင်း ကျေးရွာ လေးရွာ၏ ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်က ဆောင်ရွက်နေသော သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိရာ သဘာဝမြေဩဇာ လက်တွေ့အသုံးပြုနေသော စပါးစိုက်တောင်သူ တစ်ဦးနှင့် ပြောင်းစိုက်တောင်သူ တစ်ဦးတို့က စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

 

ယင်းနောက် အင်းလေးကန်အတွင်းမှ ဗေဒါမြေဆွေးကုန်ကြမ်း ရရှိသည့်နေရာသို့ စက်လှေဖြင့် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အားပေး စကားများပြောကြားပြီး သင်တန်းကျောင်းရှိ စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာနှင့် မီးဖိုဆောင်တို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်