ညောင်ရွှေယဉ်ကျေးမှုပြတိုက်နှင့် ရှမ်းစော်ဘွားဝတ်စုံများ

မောင်သာ(ရှေးဟောင်းသုတေသန)


မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား သွေးချင်းများသည် "ရှမ်းကိုးဆက် ကိုးစော်ဘွား" ဟူသည့် စကားအတိုင်း မောကိုးပြည်ထောင်ကို တည်ထောင်စိုးစံခဲ့ကြ သည်။ မောကိုးပြည်သည် မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ မိုးမိတ်၊ မိုးနဲ၊ သိန်းနီ၊ မိုင်းပဲ၊ ညောင်ရွှေနှင့် သီပေါတို့ ဖြစ်ကြသည်။


ပထမအင်းဝခေတ် ခရစ်နှစ် ၁၅၄၂ ခုနှစ်တွင် ရှမ်းတိုင်းရင်းသား အုန်းပေါင်ခုံမှိုင်းသည် အင်းဝဘုရင်အဖြစ် ထီးနန်းစံချိန်တွင် ရှမ်းပြည်နယ်ဒေသများကို အုပ်ချုပ်ရန် သားတော်၊ ညီတော်များကို မိမိကိုယ်စား ထားရှိခဲ့သည်။ ယင်းတို့ကို ရှမ်း ဘာသာစကားဖြင့် စောင်ဖဖြင့် ခေါ်ဆိုရာမှ မြန်မာဝေါဟာရ စော်ဘွား ဖြစ်လာခဲ့သည်။ ရှမ်းစော်ဘွားများသည် မြန်မာဘုရင်များကဲ့သို့ပင် ထီးဖြူ၊ မကိုဋ်၊ သန်လျက်၊ သားမြီးယပ်နှင့် ဟင်္သာခြေနင်းဟူသည့် မင်းမြောက်တန်ဆာငါးပါးကို ဆင်ယင်ခဲ့ကြသည်။


ရှမ်းစော်ဘွားများသည် ဟော်နန်းများတွင် စံခဲ့ကြသဖြင့် စော်ဘွားများ မရှိတော့ချိန်တွင် ဟော်နန်းများနှင့် စော်ဘွားများ၏ အသုံးအဆောင်များသည် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ကျန်ရှိခဲ့သည်။ ယင်းတို့ကို စုစည်း၍ ရှမ်းတိုင်းရင်းသား များ၏ ရိုးရာအသုံးအဆောင် ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိ ပြတိုက်များတွင် ထိန်းသိမ်းပြသထားရာ ညောင်ရွှေပြတိုက်သည်လည်း အပါအဝင်ဖြစ်သည်။


ညောင်ရွှေနှင့် စော်ဘွားဟော်


ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင်ပါဝင်သည့် ညောင်ရွှေသည် ရန်ကုန်မြို့မှ ၆၀၂ ကီလိုမီတာနှင့် တောင်ကြီးမြို့မှ ကီလိုမီတာ ၃၀ ကွာဝေးကာ အင်းလေးကန်သို့ လာရောက်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသည်များ ဝင်ရောက်ကြရသည့် မြို့ဖြစ် သည်။ ညောင်ရွှေမြို့သည် အရှေ့ဘက်တွင် တောင်ကြီးနှင့် ဆီဆိုင်၊ အနောက်ဘက်တွင် ကလောနှင့် ပင်လောင်း၊ တောင်ဘက်တွင် ဖယ်ခုံနှင့် မြောက်ဘက်တွင် တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိဆက်နေသည်။


၅၆၁ စတုရန်းမိုင် ကျယ်ဝန်းသည့် ညောင်ရွှေမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည်။ ညောင်ရွှေမြို့နယ်ကို ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာ ၄၄၅ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၇ အောက်တိုဘာလတွင်ထုတ်ပြန်သည့် စာရင်းများအရ မြို့နယ်လူဦးရေ ၁၇၁၄၅၉ ဦးတွင် အင်းသားလူမျိုးများက ၆၉ ရာခိုင်နှုန်းနှင့် ပအိုဝ်းလူမျိုး များက ၁၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။


ခရစ်နှစ် ၁၃၅၉ ခုနှစ်တွင် စော်ဘွား ဆီဆိုင်ဖက တည်ထောင်ခဲ့သည့် ညောင်ရွှေမြို့ကို ရှမ်းဘာသာဖြင့် 'ယောင်ဟွေ'ဟု ခေါ်ဆိုကာ တောင်နှစ်လုံးအကြား၌ တည်ရှိသည့် ကုန်းမြေမြင့်ဟု အဓိပ္ပာယ်ရှိသည်။


ညောင်ရွှေမြို့နယ်၌ အင်းလေးကန်အတွင်းရှိ ဖောင်တော် ဦး၊ အလိုတော်ပေါက်၊ ရွှေအင်းတိန်ဘုရားနှင့် ညောင်ရွှေမြို့ပေါ် ရှိ ရတနာမာန်အောင်ဘုရား အပါအဝင် စေတီ ဘုရားပုထိုး ၁၀၁၃ ဆူရှိသည်။ ညောင်ရွှေမြို့နယ်၏ သမိုင်းဝင် အဆောက် အအုံသည် နန္ဒဝန်ရပ်ရှိ ယဉ်ကျေးမှုပြတိုက် (ညောင်ရွှေဟော်) ဖြစ်ပေသည်။


ညောင်ရွှေဟော်ကို စော်ဘွားကြီး ဆာစောမောင်က ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ရာ ၁၀ နှစ်ကြာမြင့်ခဲ့ပြီး ၁၉၂၃ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ပြီးစီးခဲ့သည်။ ထိုစဉ်က ဆောက်လုပ်မှု ကုန်ကျစရိတ်သည် ငွေကျပ် သုံးသိန်း ဖြစ်သည်။ 


သို့သော် ဟော်ဆောက်လုပ်မှုလုပ်ငန်းသည် ပြည့်စုံမှုမရှိခဲ့ဘဲ အချို့နေရာများတွင် တစ်ပိုင်းတစ်စ ကျန်ရှိနေခဲ့သည်။ ထို့ကြောင့် မောက်မယ်စော်ဘွား စဝ်ခမ်းလှိုင်က မ္တလေးနန်းတော်ပုံစံနှင့် ရှေးခေတ်က တည်ဆောက်ခဲ့သည့် ရှမ်းစော်ဘွားများ၏ ဟော်နန်းပုံစံများကို ပေါင်းစပ်လျက် ညောင်ရွှေဟော်ကို ပုံစံ ရေးဆွဲခဲ့သည်။ လက်သမားဆရာ ဦးငိုခေါ် ဦးထွန်းအောင် ဦးဆောင်လျက် ညောင်ရွှေဝန်းကျင်ရှိ ရှမ်းတိုင်းရင်းသား လက်မှုပညာရှင်များက ညောင်ရွှေဟော်ကို တည်ဆောက်ခဲ့သည်။


ယခု ညောင်ရွှေမြို့ ကျောက်တိုင်ကွင်းနေရာတွင် ယခင်က ဟော်ဟောင်းရှိခဲ့ကာ ၁၉၀၈ ခုနှစ်က ညောင်ရွှေမြို့တွင် လောင်ကျွမ်းခဲ့သည့် မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့သည်။


လက်ရှိ ညောင်ရွှေဟော်ကို တိုင် ၂၁၆ လုံးဖြင့် တည်ဆောက်ခဲ့ကာ အရှေ့မှ အနောက်သို့ ပေ ၂၀ဝ၊ တောင်မှ မြောက်သို့ ၁၉၄ ပေရှိသဖြင့် စတုရန်းပုံဖြစ်ကာ အရှေ့အရပ်သို့ မျက်နှာပြုသည်။ ဘုံခုနစ်ဆင့်ပါရှိသည့် နှစ်ထပ်ဟော်နန်းတွင် အဓိက အဆောင် သုံးဆောင်ကို ထည့်သွင်း တည်ဆောက်ခဲ့ရာ ကန်တော့ခံဆောင်သည် တစ်နှစ်လျှင် နှစ်ကြိမ် ရှမ်းစော်ဘွားများ ကန်တော့ခံသော အဆောင်ဖြစ်ကာ ပလ္လင်တစ်ခု ထားရှိသည်။ အင်းလေး ဖောင်တော်ဦးရုပ်ပွားတော် များသည် ဒေသစာရီကြွချိန်တွင် ညောင်ရွှေဟော် ကန်တော့ခံဆောင်ရှိ ပလ္လင်ထက်၌ သီတင်းသုံးလေ့ရှိသည်။


အပြင်ညီလာခံဆောင်မှာမူ ပြည်သူများနှင့်သက်ဆိုင်သည့် အရေးကိစ္စများကို စော်ဘွားနှင့် မှူးမတ်များ တိုင်ပင် ဆွေးနွေးသည့် နေရာဖြစ်ကာ အတွင်းညီလာခံဆောင်သည် စော်ဘွားကြီးနှင့် မဟာဒေဝီတို့က မိသားစုအတွင်းရေး၊ နန်းတွင်းရေး၊ နယ်ပယ်ရေး၊ ဘာသာသာသနာရေး ကိစ္စများကို သားတော်၊ သမီးတော်များ၊ ယုံကြည်စိတ်ချရသည့် အမတ်များနှင့် တွေ့ဆုံစည်းဝေးသော ခန်းမဆောင်ဖြစ်သည်။ ရှမ်းပြည်နယ် စော်ဘွားများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ပင်လုံစာချုပ် အရေးကိစ္စများကို ညောင်ရွှေဟော်အတွင်း ညီလာခံဆောင်၌ ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့သည်။


ညောင်ရွှေဟော်၌ အဓိက အဆောင်တော် သုံးခုအပြင် တောင်ဘက်တွင် မယ်တော်ဆောင်နှင့် မိဖုရားဆောင် (တောင်ထားဝယ်ဆောင်)၊ မြောက်ဘက်တွင် စော်ဘွားကြီးဆောင် (မြောက်ထားဝယ်ဆောင်)နှင့် သားတော်ဆောင်များ ပါရှိ သည်။ စော်ဘွားကြီးနှင့် မဟာဒေဝီတို့သည် မြောက်ထားဝယ်ဆောင်၌ နေထိုင်ခဲ့ကြသည်။


ဟော်မြေညီထပ် အလယ်၌ သံချောင်းလုံးများဖြင့် ပတ် လည်ကာရံထားသော ၁၀ ပေ ပတ်လည် စတုရန်းပုံအခန်းကို ငွေတိုက်ဟု ယူဆကြကာ ဂျပန်ခေတ်တွင်မူ ယင်းအခန်းကို ကင်ပေတိုင်ရုံးခန်းအဖြစ် အသုံးပြုခဲ့သည်ဟုလည်း ဆိုကြသည်။


ညောင်ရွှေ စော်ဘွားဆက်သည် ဆီဆိုင်ဖမှ စဝ်ရွှေသိုက်အထိ ၃၃ ဆက်ရှိခဲ့ပြီး ညောင်ရွှေ ပထမဆုံးစော်ဘွားကြီး ဆီဆိုင်ဖသည် ခရစ်နှစ် ၁၃၅၉ ခုနှစ်မှ ၁၄၃၄ ခုနှစ်အထိ ၇၅ နှစ်ကြာ အုပ်ချုပ်ခဲ့သဖြင့် ညောင်ရွှေစော်ဘွားဆက်တွင် နှစ်အရှည်ဆုံးအုပ်ချုပ်ခဲ့သည့် စော်ဘွားကြီး ဖြစ်ပေသည်။


ညောင်ရွှေဟော်ကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ ဖွင့်လှစ်ပြသခဲ့ပြီး ယခုအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိသည်။


အမျိုးသားပြတိုက်နှင့် စော်ဘွားဝတ်စုံများ


ကမ္ဘာတစ်ဝန်းတွင် ပြတိုက်ပေါင်း ၅၅၀ဝ၀ ကျော်ရှိသည့်အနက် အမျိုးသားပြတိုက်များ၌ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို ဖော်ညွှန်းသည့် ပြကွက်များ ပြသသဖြင့် နိုင်ငံတိုင်းမှ အမျိုးသားပြတိုက်များသည် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်ကြည့်ရှု လေ့လာကြရသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပြတိုက်ကြီးနှစ်ခုသည် ရန်ကုန်နှင့် နေပြည်တော်တွင် တစ်ခုစီတည်ရှိကြသည်။


ပြတိုက်ဟူသည့် ဝေါဟာရကို မြန်မာ့စွယ်စုံကျမ်း အတွဲ(၇)တွင် ပညာလိုက်စားသူအပေါင်းတို့အတွက် အဘက်ဘက်မှ အကူအပံ့ဖြစ်စေသော ပစ္စည်းအမျိုးမျိုးတို့ကို သိုမှီးပြသထားရာ အဆောက်အအုံဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ အခြေခံပြတိုက် ပညာ စာအုပ်တွင် ပြတိုက်သည် ရှေးဟောင်းပစ္စည်းများသို့ မဟုတ် အမှတ်တရ မှတ်တမ်းတင် ထားရှိရမည့် ပစ္စည်းများကို တစ်နေရာတည်း၌ စုစည်းထားပြီး အများပြည်သူများ စူးစမ်းလေ့လာရန်၊ သုတေသနပြုလုပ်ရန် လေ့လာကြည့်ရှုစေခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေသည့် ပညာဖြန့်ဖြူး ရာဌာနကြီးဟု ဖော်ပြသည်။


မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီးနောက် များစွာသော မြန်မာ့နန်းသုံးတော်ဝင်ပစ္စည်းများသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားခဲ့သည်။ ယင်းတို့အနက် သီဟာသနပလ္လင်ကို အိန္ဒိယနိုင်ငံသို့ ယူဆောင်ပြီး ကလကတ္တားပြတိုက်တွင် ထားရှိခဲ့ရာမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်မောင့်ဘက်တန်က သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်လိုသည့် ဆန္ဒရှိကြောင်း ဗြိတိသျှဘုရင် ဂျော့ထံ အကြံပြုခဲ့သည်။ ဘုရင်က သဘော တူညီခဲ့သဖြင့် သီဟာသနပလ္လင်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ လော့ဒ်မောင့်ဘက်တန်က မြန်မာနိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်ထံသို့ ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက်က လွှဲပြောင်းပေးခဲ့သည်။


ထိုအချိန်က အမျိုးသားပြတိုက် မရှိသေးသဖြင့် သီဟာသန ပလ္လင်ကို ရန်ကုန်မြို့ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် ထားရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ဦးဝိစာရလမ်းရှိ ဂျူဗလီခန်းမသို့ ပြောင်းရွှေ့ပြသခဲ့သည်။ သီဟာသနပလ္လင်နှင့် ရှေးဟောင်း အနုပညာ ပစ္စည်းအနည်းငယ်ကို ပြသခဲ့သည့် ဂျူဗလီခန်းမသည် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပြတိုက် ဖြစ်လာခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အမျိုးသားပြတိုက်ကို ဂျူဗလီခန်းမမှ ပန်းဆိုးတန်း လမ်းရှိ ဂရင်းလေးဘဏ်ဟောင်း (ယခုစက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးဘဏ်)နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အများပြည်သူများအား ဖွင့်လှစ် ပြသခဲ့သည်။


အထပ်ငါးထပ် ပါဝင်၍ အလျားပေ ၃၈၀ နှင့် အနံပေ ၂၀ဝ ရှိသော လက်ရှိ အမျိုးသားပြတိုက်(ရန်ကုန်)ကို ဒဂုံမြို့နယ် ပြည်လမ်း အမှတ်(၆၆/၇၄)တွင် ၁၉၉၀ ပြည့်နှစ်က အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ ပန်းဆိုးတန်းလမ်းမှ အမျိုးသား ပြတိုက်ကို ပိတ်သိမ်းခဲ့သည်။


နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်များသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့်နေရာများ ဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များ အပါအဝင် မြန်မာနိုင်ငံသားများသာမက ပြည်ပခရီးသွားဧည့်သည်များပါ နေ့စဉ် လာရောက်လျက်ရှိသည်။ အမျိုးသားပြတိုက်များတွင် အခါအားလျော်စွာ စာတမ်းဖတ်ပွဲများ၊ ပြပွဲများကို ကျင်းပပေးခြင်းဖြင့် ပြတိုက်များအပေါ် စိတ်ဝင်စားမှုများ တိုးတက်မြင့်မားလာခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဇွန် ၉ ရက်မှ ဇွန် ၁၈ ရက်အထိပြသခဲ့သည့် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲကို စိတ်ဝင်စားသူများစွာ လာရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။ ယင်းပြပွဲတွင် ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်၌ စုဆောင်းထိန်းသိမ်း ပြသထားသည့် စော်ဘွားများ၏ ဝတ်စုံ ၁၃၈ မျိုးအနက် ဝတ်စုံ ၃၀ ကို ပြသခဲ့သည်။


ညောင်ရွှေဟော်မှ စော်ဘွားဝတ်စုံများ


ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင် စုဆောင်းထားရှိသည့် စော်ဘွားဝတ်စုံနှင့် အသုံးအဆောင် ၁၃၈ မျိုးကို ပိုးမွှားကင်းစင်၍ သန့်ရှင်းနေစေရန်၊ တာရှည်ခံနိုင်ရေးအတွက် ထိန်းသိမ်းထားနိုင်ရန်နှင့် ပြသမှုအတွက် အဆင်ပြေရန် ပြင်သစ်နိုင်ငံသို့ ခေတ္တ ပို့ဆောင်၍ သန့်ရှင်းရေးပြုလုပ်စေလိုကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် လမ်းညွှန်ခဲ့မှုကို ရှမ်းပြည်နယ် အစိုးရက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့သည်။ ထို့ကြောင့် ဝတ်စုံများကို ပြင်သစ်နိုင်ငံသို့ ပို့ဆောင်ရန် လိုမလို အဖွဲ့ ဖွဲ့စည်း၍ အမျိုးသားပြတိုက် (ရန်ကုန်)က စစ်ဆေးခဲ့ကာ မြန်မာနိုင်ငံ၌ပင် သန့်စင်မှုများဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။


၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ညောင်ရွှေယဉ်ကျေးမှု ပြတိုက်သို့ ပဏာမကွင်းဆင်း လေ့လာခဲ့ပြီးနောက်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ဝ်ဝင်းနှင့် အဖွဲ့သည် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ဝတ်စုံများသယ်ယူထိန်းသိမ်းရန် ဒေသခံ ဆရာတော်များထံမှ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ဟော်နန်း ထိန်းသိမ်းရေးအဖွဲ့နှင့် ဒေသခံ ပြည်သူများအား လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။


ဝတ်စုံများကို အမျိုးသား ပြတိုက်(ရန်ကုန်)ရှိ ဓာတ်ခွဲခန်းတွင် သန့်စင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်တွင် ပထမအကြိမ် လက်ခံ၍ ရန်ကုန်မြို့သို့ သယ်ယူခဲ့သည်။


ရှမ်းစော်ဘွားဝတ်စုံများကို သန့်စင်မှုများ ပြုလုပ်ပေးပြီးနောက် ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင် ခင်းကျင်းပြသနိုင်ရန် ပြန်လည်ပေးပို့ခဲ့သည်။ ထို့နောက် ကျန်ရှိနေသည့် ဝတ်စုံများကို ဒုတိယအကြိမ် သယ်ယူကာ အမျိုးသားပြတိုက် (ရန်ကုန်)တွင် သန့်စင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သည်။


ညောင်ရွှေယဉ်ကျေးမှုပြတိုက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် ဝတ်စုံများအားလုံးကို နေရာအခက်အခဲကြောင့် တစ်ပြိုင်တည်း မပြသနိုင်သဖြင့် မပြသနိုင်သေးသည့် ဝတ်စုံများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် ချည်ထည်သိုလှောင်ခန်း (Textile Store)ပြုလုပ်၍ ဆွဲအံများအတွင်းထားရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် ဗီရိုအသစ်များပြုလုပ်၍ မီးများ တပ်ဆင်ကာ ဗီရိုများ၌ စက်ကိရိယာများ တပ်ဆင်ခဲ့ပြီး ဝတ်စုံများကို တစ်လှည့်စီပြသရန် စီစဉ်ခဲ့သည်။


ဒုတိယအကြိမ် သယ်ယူခဲ့သည့် ဝတ်စုံများကို သန့်စင်ပေး ပြီးနောက် ၂၀၁၉ မေ ၂ ရက်တွင် ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ပြန်လည်ပေးပို့ခဲ့ပြီး ဆက်လက်ပေးပို့ရမည့် ဝတ်စုံ ၃၀ ကို မပေးပို့မီ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ပြည်သူများအား ပြသခဲ့သည်။ 


ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲ


အမျိုးသားပြတိုက်(ရန်ကုန်)သည် ယဉ်ကျေးမှု မြင်ကွင်းသစ်များကို ဖြည့်ဆည်းပံ့ပိုးပြသနိုင်ရန် လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲကို ကျင်းပခဲ့သည်။ ပြတိုက်နှင့် ပြပွဲများသည် အတိတ်သမိုင်းကို ပြန်လည် ဆက်စပ်ဖော်ထုတ်ပေးသဖြင့် တစ်ချိန်က စော်ဘွားကြီးများ ဝတ်ဆင်အသုံးပြုခဲ့သည့် ဝတ်စုံများနှင့်အတူ သမိုင်းနှင့် ဝတ်စားဆင်ယင်မှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို မြင်တွေ့ လေ့လာနိုင်ခဲ့ကြသည်။


ဝတ်စုံအများစုသည် ရှမ်းစော်ဘွားကြီးများသာမက မဟာဒေဝီ၊ အိမ်ရှေ့မင်းသား၊ အမတ်ချုပ်၊ မြို့စားမင်း၊ စစ်သူကြီး၊ ဒေသအကြီးအကဲနှင့် ကိုယ်ရံတော်တို့ ဝတ်ဆင်ခဲ့သည့် အခမ်းအနား ဝတ်စုံများ၊ ဖောင်းကြွရက်လုပ်ထားသည့် ကတ္တီပါသား အင်္ကျီများ၊ ခေါင်းပေါင်း၊ ခါးစည်းကြိုး၊ ရွှေရောင်အပြားများ ကပ်ထားသည့် အထည်များ၊ ပန်းထိုးထားသော ရှမ်းဘောင်းဘီ များ၊ ရှေးမြန်မာဘုရင်များက အရိုက်အရာအရာ ပေးအပ်ခဲ့ သောအဝတ်အထည်များ ပါဝင်ခဲ့သည်။


ယင်းဝတ်စုံများတွင် ညောင်ရွှေစော်ဘွား ဆာစဝ်မောင် ဝတ်ဆင်ခဲ့သည့် ပိုးချည်ဖြင့်ရက်လုပ်၍ ရွှေချည်ငွေချည်များ ထိုးထားသည့် ဝတ်စုံနှင့် အခမ်းအနားတက် ဘရိုကိတ်ဝတ်စုံ၊ မဟာဒေဝီ ဝတ်ဆင်ခဲ့သည့် ရွှေချည်၊ ငွေချည်နှင့် ဆီးကွင့်ထိုး ထားသည့် ပိုးထည်ကတ္တီပါဝတ်စုံများကို ပြသထားရာ ပန်းဒီဇိုင်း ပုံစံ ရွှေငွေဆီးကွင့် များကို အသေးစိတ် ကြည့်ရှု လေ့လာနိုင်ခဲ့ ကြပေသည်။


ထို့အတူ အိမ်ရှေ့မင်းသား ဝတ်စုံ၊ စစ်သူကြီးဝတ်စုံ၊ အမတ် ချုပ်ဝတ်စုံ၊ ကိုယ်ရံတော်ဝတ်စုံနှင့် ညောင်ရွှေစော်ဘွားကြီး ဝတ်ဆင်ခဲ့သည့် အနားတွင် အမြိတ်များထည့်ထားသော ပိုးဘောင်းဘီရှည်တို့ကို ပြသခဲ့သည်။ မိုင်းရှူးစော်ဘွား စဝ်မန်ဖနှင့် ရပ်စောက်စော်ဘွား၊ မိုင်းပွန်စော်ဘွားတို့၏ ဝတ်စုံများ၊ မိုင်းပျိုးမြို့စား စဝ်မောင်ကြယ်၏ ဝတ်စုံ၊ စဝ်ခေးဆစ်၏ ရှေး ဟောင်းဝတ်စုံတို့အပြင် ခါးစည်းအဝတ်ကြိုး၊ ခေါင်းပေါင်း ပိတ်စ၊ ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်၊ မဟာဒေဝီနှင့် အိမ်ရှေ့မင်းသားတို့ စီးခဲ့သည့် သားရေကို ကတ္တီပါကွပ်ကာ သတ္တုချည်မျှင်ဖြင့် ပန်းထိုးထားသည့် ဟင်္သာခြေနင်းများကို လည်း မြင်တွေ့ခဲ့ရသည်။
တိုင်းရင်းသားများ၏ ဝတ်စုံများသည် မျိုးနွယ်စုတစ်စု ပိုင်ဆိုင်သော နယ်ပယ်၊ ပထဝီဝင်၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အစဉ်အလာတို့အပေါ်တွင် မူတည်၍ ကွဲပြားခြားနားခဲ့ကြသည်။


ဝတ်စုံများ ထိန်းသိမ်းခြင်း


ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို ထိန်းသိမ်းကြရာတွင် မူလအတိုင်း ထိန်းသိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ လက်တွေ့ကုသ ထိန်းသိမ်းခြင်း၊ ကြိုတင်ကာကွယ်ခြင်း စသည်ဖြင့် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ကြရသည်။ သမိုင်းတန်ဖိုး၊ အနုပညာလက်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး၊ စိတ်ခံစားမှုစသည့် အကြောင်းများစွာကြောင့် ဝတ်စုံများကို ထိန်းသိမ်းရာတွင် ညောင်ရွှေယဉ်ကျေးမှုပြတိုက်မှ ဝတ်စုံများသည် မိသားစု တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ဝတ်ဆင်ခဲ့သည့် ဝတ်စုံများမဟုတ်သည့်အပြင် ရှေးမြန်မာမင်းများနှင့် အုပ်ချုပ်သူအကြီးအကဲများက အရိုက်အရာအရ ပေးအပ်ခဲ့သည့် အဆောင်အယောင်ဝတ်စုံများလည်း ပါဝင်ခဲ့သည်။


၁၉ ရာစုနောက်ပိုင်းတွင် ထိန်းသိမ်းရေး နည်းစနစ်များ ပြောင်းလဲခဲ့ကာ အဝတ်အထည်များ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရှေးဟောင်းပစ္စည်း စုဆောင်းရောင်းဝယ်သူများနှင့် ထိန်းသိမ်းကုသရေးပညာရှင် (Restorer) များက ဆောင်ရွက်ခဲ့ကြရပြီး မူလအခြေအနေအတိုင်းရရှိရန် ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ရှမ်းစော်ဘွားကြီးများ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ ဝတ်ဆင်အသုံးပြုခဲ့သည့် ဝတ်စုံများကို ထိန်းသိမ်းရာတွင် ပျက်စီးနေသည့်ဝတ်စုံများကို အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပြုပြင်ထိန်းသိမ်းခဲ့သည်။


တစ်ချိန်က ရှမ်းတိုင်းရင်းသားများ၏ ခေါင်းဆောင်များဖြစ်သည့် စော်ဘွားကြီးများ၏ ဝတ်စားဆင်ယင်မှုများကို ပြသခဲ့သည့် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲသည် ရှမ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းကို ဖော် ထုတ်ပြသခဲ့သည့် ပွဲတစ်ခု ဖြစ်ခဲ့ပေသည်။ ။