ညောင်တုန်း    ၂၉     ဧပြီ  

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့  မြို့နယ်ဘောလုံးအားကစားကွင်း၌ ယာယီပျံကျဈေးကို ယနေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်  ပြည်သူများနေ့စဉ် စားသောက်ရေးအတွက် ဈေးဝယ်ရာတွင်   အဆင်ပြေစေရေးနှင့်   မြို့နယ်အတွင်း    ရောဂါကာကွယ်ရေးအတွက်  အမှတ် (၄) ရပ်ကွက်ရှိ (၈) လမ်းစျေးအတွင်း ရောင်းချနေသော သား/ငါးနှင့် ကုန်စိမ်း (အခြေခံစားသောက်ကုန်) အစရှိသည့် စျေးသည်များအား မြို့နယ်အားကစားကွင်း၌ ရောင်းချရန် ယာယီပျံကျဈေး ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါယာယီပျံကျဈေးတွင်  ဆိုင်ခန်းတစ်ခန်းလျှင် (၆) ပေပတ်လည်အကျယ်ဖြင့် ဆိုင်ခန်း တစ်ခန်းနှင့် တစ်ခန်း (၆) ပေခြား သတ်မှတ်ပေးထားပြီး ဆိုင်ခန်းပေါင်း ၃၇၆ ဆိုင်ဖွင့်လှစ်၍ ဈေးဝယ်သူများအတွက်လည်း သတ်မှတ်နေရာများ ထားရှိပေးကြောင်း၊ ဈေးကို နေ့စဉ် နံနက် (၅)နာရီမှ နံနက် (၁၁) နာရီအထိ ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းဈေးဝယ်သူများအနေဖြင့် ယာယီဈေးအတွင်း မဝင်ရောက်မီ လက်ဆေးရန် လက်ဆေးဘေစင်များ စီစဉ်ပေးထားသလို နှာခေါင်းစည်းတပ်ဆင်မှသာ ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 

 

ဝဠာနိုင် (ညောင်တုန်း)