ညောင်တုန်း ၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ဇန်နဝါရီ ၅ ရက် ည ၇ နာရီခွဲက ညောင်တုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ဝန်းအနီး၊ မိုးဟုတ်ဘုရားရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေဟောပြောပွဲ ပထမနေ့တွင် စာရေးဆရာမ သန်းမြင့်အောင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဗေလုဝ (ရုပ်ရှင်သရုပ်ဆောင်)က “၂၀၂၀ အနာဂတ်ခရီးကို တက်ညီလက်ညီ ချီတက်ကြစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည် ။
အဆိုပါ စာပေဟောပြောပွဲကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးနှင့် စာပေကိုချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစုပေါင်း ၁၀ဝ၀ ခန့် တက်ရောက် နားထောင်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ် မြောက် စာပေဟောပြောပွဲကို (၂) ညတိုင် ကျင်းပပြုလုပ်မည်ဖြစ်၍ ယနေ့ ဇန်နဝါရီ ၆ ရက် ညတွင် စာရေးဆရာ ချစ်ဦးညို၊ ဦးဘုန်း (ဓာတု)နှင့် ညီမင်းညိုတို့က ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)